ကွယ်လွန်ပြီးသား ရဲအရာရှိထံမှ အော်ဒါ လက်ခံရရှိခဲ့သည့် အစားအသောက် ပို့ဆောင်ရေးသမား၏ ကျောချမ်းစရာ အတွေ့အကြုံ

ကွယ်လွန်ပြီးသား ရဲအရာရှိထံမှ အော်ဒါ လက်ခံရရှိခဲ့သည့် အစားအသောက် ပို့ဆောင်ရေးသမား၏ ကျောချမ်းစရာ အတွေ့အကြုံ
သြဂုတ် 22, 2024 | နိုင်ငံတကာသတင်း
By Mr John

 ထိုင်းနိုင်ငံတွင် ၎င်း၏ ကျောချမ်းစရာ အတွေ့အကြုံကို ဖွင့်ဟခဲ့သည့် အစားအသောက် ပို့ဆောင်သူတစ်ဦးက ကွယ်လွန်ပြီးသား ရဲအရာရှိတစ်ဦးထံမှ အော်ဒါ လက်ခံရရှိခဲ့သည်ဟု ဆိုသည်။ အ

စားအသောက် ပို့ဆောင်သူ အသက် (၃၀) နှစ်အရွယ် Suttinai Khamchuen က ၎င်းမှာ စေတနာ့ဝန်ထမ်း ကယ်ဆယ်ရေးသမားအဖြစ်နှင့် Bolt ပို့ဆောင်ရေးသမားအဖြစ် အလုပ် (၂) ခု လုပ်ကိုင်နေသူဖြစ်ကြောင်း Channel 7 သတင်းဌာနကို ပြောသည်။

ထူးဆန်းပြီး ကျောချမ်းစရာ အတွေ့အကြုံကို ၂၀၂၄ ခုနှစ် ဩဂုတ်လ (၁၉) ရက်နေ့ ည (၇) နာရီခွဲဝန်းကျင်တွင် ကြုံခဲ့ရကြောင်း Suttinai က ဆိုသည်။ 

ဖောက်သည်တစ်ဦးက ဆက်သွယ်လာပြီး ၎င်းမှာ ဘန်ကောက်အနီး နွန်သာဘူရီပြည်နယ်ရှိ Pakkret ရဲစခန်းမှ အရာရှိတစ်ဦးဖြစ်ကြောင်း ပြောခဲ့သည်။ 

ထိုဖောက်သည်က ရေ (၆) ဘူးနှင့် ကော်ဖီ (၂) ခွက်ကို ရဲစခန်းသို့ လာပို့ရန် အော်ဒါတင်ခဲ့သည်ဟု Suttinai က ဆိုသည်။

ရဲစခန်းသို့ ရောက်ရှိချိန်တွင် အော်ဒါလာပို့ခြင်း ဖြစ်ကြောင်း အစားအသောက် ပို့ဆောင်သူ Suttinai က ရဲအရာရှိများကို အကြောင်းကြားခဲ့သည်။ 

သို့သော် ရဲအရာရှိများက မှာထားသော ရေဘူးနှင့် ကော်ဖီကို လက်မခံဘဲ ရဲစခန်းကနေ မည်သူကမျှ အော်ဒါ မတင်ခဲ့ကြောင်း အတိအကျ ပြောခဲ့သည်။ 

ထို့နောက် Suttinai က ရေဘူးနှင့် ကော်ဖီကိုထားပြီး ရဲစခန်းကနေ ပြန်ထွက်လာခဲ့သည်။

နောက်ပိုင်းတွင် Suttinai  ၎င်း၏မိတ်ဆွေတစ်ဦးအား အော်ဒါတင်သည့် ရဲအရာရှိ၏ အမည်ကို စစ်ဆေးပေးရန် ပြောခဲ့ရာမှ ထိုရဲအရာရှိမှာ ၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလအတွင်း အဆုတ်ကင်ဆာဖြင့် ကွယ်လွန်ခဲ့ပြီးဖြစ်ကြောင်း သိရှိလာရသည်။ 

Suttinai က အခြား ရဲအရာရှိများကို မေးမြန်းခဲ့ရာတွင် ၎င်းမှာ ထိုသို့ ကြုံရသော ပထမဆုံး အစားအသောက် ပို့ဆောင်သူမဟုတ်ဟု ဆိုကြသည်။

နောက်ထပ် အစားအသောက် ပို့ဆောင်သူတစ်ဦးလည်း ယခင်က ရေ (၆) ဘူးနှင့် ကော်ဖီကို Suttinai ကဲ့သို့ပင် အော်ဒါ လက်ခံရရှိပြီး ရဲစခန်းသို့ လာရောက်ပို့ဆောင်ဖူးကြောင်း သိရသည်။ 

စေတနာ့ဝန်ထမ်း ကယ်ဆယ်ရေးသမားလည်းဖြစ်သူ Suttinai က လူသေအလောင်း အများအပြားကို တွေ့ဖူး ကြုံဖူးသူဖြစ်ရာ မကြာသေးမီက ကြုံခဲ့ရသော ထိုဖြစ်ရပ်မှာ ၎င်းအတွက် တုန်လှုပ်ချောက်ချားစရာ မဟုတ်ဟု ဆိုသည်။ 

ယခုဖြစ်ရပ်မှာ တစ္ဆေခြောက်သည့် ဖြစ်ရပ်ဟု Suttinai က မယုံကြည်သော်လည်း တစ်စုံတစ်ဦးက ၎င်းနှင့် အခြား အစားအသောက် ပို့ဆောင်သူများကို နောက်ပြောင်ကျီစယ်မှု ဖြစ်နိုင်ကြောင်း သုံးသပ်ခဲ့သည်။

 

Source: The Thaiger