တာချီလိတ်မြို့တွင် ရေများကျသွားပြီဖြစ်သော်လည်း ရွှံ့နွံများကို (၂)ရက်ကြာသည်အထိ ဆက်လက်ရှင်းလင်းနေရဆဲ

တာချီလိတ်မြို့တွင် ရေများကျသွားပြီဖြစ်သော်လည်း ရွှံ့နွံများကို (၂)ရက်ကြာသည်အထိ ဆက်လက်ရှင်းလင်းနေရဆဲ
သြဂုတ် 21, 2024 | ရှမ်းရှေ့

=မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် ရေကြီးရေလျှံမှု ဖြစ်ပေါ်ရာကနေ ရေများကျဆင်းသွားသော်လည်း တင်ကျန်ခဲ့သည့် ရွှံ့နွံများကို (၂)ရက်ကျော်လာသည်အထိ ဆက်လက်ရှင်းလင်းနေရဆဲဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ရေကြီးရေလျှံမှုမှာ ၂၀၂၄ခုနှစ် ဩဂုတ်လ(၁၇)ရက်နေ့ ညပိုင်းကနေ ဩဂုတ်လ(၁၉)ရက်နေ့အထိ ဖြစ်ပွားခဲ့ခြင်းဖြစ်သော်လည်း ရေကြီးရေလျှံမှုကြောင့် တင်ကျန်ခဲ့သည့် ရွှံ့နွံများကို ယနေ့ ဩဂုတ်လ(၂၁)ရက်နေ့အထိ ဆက်လက်ရှင်းလင်းနေရဆဲဖြစ်ကြောင်း သိသည်။

"တာချီလိတ်မှာတော့ ဒီနှစ်က ရေကြီးရေလျှံမှုဖြစ်တာ ကြာသွားတယ် အတော်များတယ်လို့လည်း ပြောရမလိုဘဲ။ အခုနောက်ဆုံး အကြိမ်မှာ တင်ကျန်ခဲ့တဲ့ ရွှံ့နွံတွေကို ဒီနေ့အထိ ရှင်းလို့ မပြီးသေးဘူး။ တာချီလိတ်မှာတော့ ဒီလိုဖြစ်စဉ်က ထုံးစံအတိုင်းပါပဲ။ ဖြစ်လိုက်ရင်လည်း အသည်းအသန်ပဲ။ ဒီလိုဖြစ်စဉ်တွေကို ဘယ်လိုတားဆီးကာကွယ်ရမလဲဆိုတာက တာချီလိတ်က သက်ဆိုင်ရာလူကြီးမင်းများအနေနဲ့ကြိုတင် ပြင်ဆင်သင့်တယ်ဗျာ။ ဒီလို ကြိုတင်ပြင်ဆင်မှုတွေကလည်း သူတို့ပဲ တတ်နိုင်တာမဟုတ်လား။ ရေကြီးလာမှ အလှူခံမယ်။ ထမင်းဗူး လိုက်ဝေပေးလိုက်မယ်ဆိုတာမျိုးက မထိရောက်ဘူး။ ကြိုတင်ပြင်ဆင်မှုကမှ ပိုထိရောက်စေတာပါ"ဟု တာလော့ရပ်ကွက်တွင်နေထိုင်သူတစ်ဦးက Tachileik News Agency သို့ ဩဂုတ်လ(၂၁)ရက်နေ့တွင် ပြောသည်။

တာချီလိတ်မြို့တွင် မိုးရွာသွန်းမှုနှင့်အတူ တောင်ကျရောက်ကြောင့် တာချီလိတ် နှင့် မယ်ဆိုင်အကြားရှိ မယ်ဆိုင်ချောင်းကနေ ရေကြီးရေလျှံမှု ဖြစ်ပေါ်လာခြင်းဖြစ်ရာ ယင်းသို့ ဖြစ်ပေါ်လာမှုကြောင့် မယ်ဆိုင်ချောင်းနှင့်နီးသည့် မယ်ဆိုင်မြို့တွင် ရေကြီးရေလျှံမှုကို ကြိုတင်ပြင်ဆင်ထားခြင်းကြောင့် ရေကြီးရေလျှံမှု ဒဏ်ကို အနည်းငယ်သာခံရသော်လည်း ကြိုတင်ပြင်ဆင်မှုမရှိသည့် တာချီလိတ်မြို့တွင် ရေကြီးရေလျှံမှုနှင့် နောက်ဆက်တွဲပြဿနာများကို သိသိသာသာ ခံစားရခြင်း ဖြစ်သည်။

 

Photo: Aung Kyaw Win Sein