တောင်ငူလေတပ်စခန်းကို တော်လှန်ရေးတပ်များက ရှော့တိုက်ဒုံးဖြင့် ပစ်ခတ် တိုက်ခိုက်

တောင်ငူလေတပ်စခန်းကို တော်လှန်ရေးတပ်များက ရှော့တိုက်ဒုံးဖြင့် ပစ်ခတ် တိုက်ခိုက်

 တောင်ငူမြို့ရှိ တောင်ငူလေတပ်စခန်းကို တော်လှန်ရေးတပ်များက   ၂၀၂၄ခုနှစ် ဩဂုတ်လ(၂၀)ရက်နေ့ ညပိုင်းတွင် (၁၀၇)မမ ရှော့တိုက်ဒုံး(၇)လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM)ထံမှ သိရသည်။

ယမန်နေ့ ည(၁၂)နာရီဝန်းကျင်တွင် စစ်ကောင်စီ၏ တောင်ငူလေတပ်စခန်းအတွင်းသို့ (၁၀၇)မမ ရှော့တိုက်ဒုံး (၇) လုံးပစ်ခတ်ရာ ပစ်မှတ်သို့ (၄)လုံး ထိမှန်ပေါက်ကွဲခဲ့ပြီး ယင်းသို့ ပစ်ခတ်ရခြင်းမှာ မြန်မာနိုင်ငံတဝန်းရှိ မြို့/ ရွာများကို တော်လှန်ရေးတပ်များ သိမ်းပိုက်နေကြပြီး ထိုနေရာများကို ဆက်လက်ထိန်းသိမ်းရာတွင် အဓိကဒုက္ခပေးနေသည့်မှာ လေတပ်ဖြစ်၍ တိုက်ခိုက်ရခြင်းဖြစ်သည်ဟု ဆိုသည်။

ရှော့တိုက်ဒုံး(၄)လုံး ထိမှန်ပေါက်ကွဲခြင်းကြောင့် တပ်စခန်းအတွင်း ထိခိုက်မှု ပြင်းထန်နိုင်ပြီး ထိခိုက်ပျက်စီးမှု အခြေအနေကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်ဟု သိရသည်။

စစ်ကောင်စီသည် တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသည့် နယ်မြေများတွင် စစ်ရေးပစ်မှတ်နှင့် မသက်ဆိုင်သော စစ်ရှောင်ပြည်သူများနေထိုင်သည့် နေရာများကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်နေခြင်းကြောင့် အပြစ်မဲ့ ကလေးသူငယ်များ အပါအဝင် အရပ်သားပြည်သူအများအပြား ထိခိုက်မှု ရှိနေသောကြောင့် စစ်ကောင်စီတပ်၏ လေတပ်စခန်းကို တန်ပြန်ထိုးစစ်ဆင်သည့်အနေဖြင့် တိုက်ခိုက်ခြင်းလည်းဖြစ်သည်ဟု ဆိုသည်။ 

 

တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် Mountain Knights Civilian Defense Force (MKCDF) သည် သံတောင်မြောက်ပိုင်းအထူးဒေသအဖွဲ့၊ စစ်ဒေသ(၃၁) ပါတီ ရဲဘော် များအဖွဲ့၊ Mercury Revolution Force (MRF) အဖွဲ့တို့ နှင့်ပူးပေါင်းကာ တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။