သားကြောဖြတ်ပြီးနောက် (၅) ဦးမြောက် ကလေး ထပ်ရသည့် ရုရှားအမျိုးသားက သားကြောဖြတ်ပေးသည့် ပုဂ္ဂလိက ဆေးရုံကို တရားစွဲမည်

သားကြောဖြတ်ပြီးနောက် (၅) ဦးမြောက် ကလေး ထပ်ရသည့် ရုရှားအမျိုးသားက သားကြောဖြတ်ပေးသည့် ပုဂ္ဂလိက ဆေးရုံကို တရားစွဲမည်
သြဂုတ် 21, 2024 | နိုင်ငံတကာသတင်း
By Mr John

ရုရှားအမျိုးသားတစ်ဦးက ကလေး (၄) ဦး၏ ဖခင်ဖြစ်ပြီးနောက် နောက်ထပ် ကလေးမယူတော့ရန် ဆုံးဖြတ်ပြီး သားကြောဖြတ်ခဲ့သော်လည်း (၅) ဦးမြောက် ကလေး ထပ်ရလာခဲ့ရာ ၎င်းအား သားကြောဖြတ်ပေးခဲ့သည့် ပုဂ္ဂလိက ဆေးရုံကို တရားစွဲမည်ဟု ဆိုသည်။ 

ရုရှားနိုင်ငံ Ufa မြို့မှ အသက် (၄၅) နှစ်အရွယ် Maxim ဆိုသူ အမျိုးသားက ၂၀၂၂ ခုနှစ်တွင် ကလေး (၄) ဦး၏ ဖခင်ဖြစ်လာပြီးနောက် သားကြောဖြတ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

၎င်းက Ufa မြို့ရှိ သားကြောဖြတ်ပေးသည့် Promeditsina ဆေးရုံသို့ သွားရောက်ခဲ့ပြီး ရုရှားရူဘယ်လ်ငွေ (၃၀,၀၀၀) (အမေရိကန်ဒေါ်လာ ၃၃၀) ဖြင့် ခွဲစိတ်မှုပြုလုပ်ကာ သားကြောဖြတ်ရန် စီစဥ်ခဲ့သည်။ 

သားကြောဖြတ်သည့် လုပ်ငန်းစဥ်မှာ အောင်မြင်ခဲ့ပြီး Maxim က နာရီပိုင်းအတွင်း ဆေးရုံဆင်းခဲ့သည်။ 

သားကြောဖြတ်ပြီးနောက်ပိုင်း အားလုံး အဆင်ပြေ ကောင်းမွန်နေသော်လည်း ၂၀၂၃ ခုနှစ် အစောပိုင်းတွင် Maxim ၏ ဇနီးက သူမထံတွင် ကိုယ်ဝန်ရှိနေပြီဟု ပြောလာခဲ့၍ Maxim မှာ အံ့ဩတုန်လှုပ်သွားရသည်။ 

၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် ဇနီးဖြစ်သူ ကိုယ်ဝန်ရှိနေကြောင်း စစ်ဆေးမှု ရလဒ်မှာ မှားယွင်းမှုဖြစ်ရန် ထိုအမျိုးသားက မျှော်လင့်ခဲ့သော်လည်း ၎င်းမှာ (၅) ဦးမြောက် ကလေးကို ထပ်ရခဲ့ပြန်သည်။ 

ထို့နောက် Maxim က ၎င်းကို သားကြောဖြတ်ပေးခဲ့သည့် ဆေးရုံသို့ ဆက်သွယ်၍ ရှင်းလင်းချက်ပေးရန် ပြောဆိုခဲ့သော်လည်း ကလေးရနိုင်သေးကြောင်း အတည်ပြုရန် ကလေး၏ ဖခင်ဖြစ်ကြောင်းနှင့် သုက်ပိုးအခြေအနေ စစ်ဆေးရန် ဆေးရုံက ၎င်းကို ညွှန်ကြားခဲ့သည်။ 

ထိုစစ်ဆေးမှု (၂) ခုလုံးအရ ရုရှားအမျိုးသားမှာ အမှန်တကယ်ပင် မျိုးအောင်သူ ကလေးရနိုင်သူ ဖြစ်နေသေးကြောင်း အတည်ပြုခဲ့ပြီးနောက် ဆေးရုံက ယခုဖြစ်ရပ်ကို တာဝန်ယူရမည့်အစား ဆေးဘက်ဆိုင်ရာ အံ့ဖွယ်ဖြစ်ရပ်ဟု သတ်မှတ်ပြီး ကလေးတစ်ဦး ရရှိခြင်းအတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်သင့်ကြောင်း ရုရှားအမျိုးသားကို ပြောခဲ့သည်။

ထိုဆေးရုံက ယခုကိစ္စအတွက် ကျေအေးပေးရန် သားကြောဖြတ်သည့် ကုန်ကျစရိတ်များ ပြန်ပေးမည်ဟု ကမ်းလှမ်းခဲ့သော်လည်း Maxim က လက်မခံခဲ့ကြောင်း သိရသည်။ 

Maxim နှင့် ၎င်း၏မိသားစုက ဆေးရုံကို ကျင့်ဝတ်ပျက်ပြားမှုနှင့် (၅) ဦးမြောက် ကလေးကို ပြုစုပျိုးထောင်ရန် ကုန်ကျလာမည့် ကုန်ကျစရိတ်များအတွက် တရားစွဲဆိုရန် ပြင်ဆင်နေသည်။

#TachileikNewsAgency

Source: OddityCentral