ထိုင်းနိုင်ငံ ချင်းမိုင်တွင် ဘီယာသောက်မှုဖြင့် ကျောင်းထိုင်ဘုန်းကြီး အဖမ်းခံရ

ထိုင်းနိုင်ငံ ချင်းမိုင်တွင် ဘီယာသောက်မှုဖြင့် ကျောင်းထိုင်ဘုန်းကြီး အဖမ်းခံရ
သြဂုတ် 21, 2024 | နိုင်ငံတကာသတင်း
By Mr John

ထိုင်းနိုင်ငံ ချင်းမိုင်တွင် နာမည်ကြီး ဘုန်းကြီးကျောင်းတစ်ကျောင်း၏ ကျောင်းထိုင်ဆရာတော်ကို ဝါတွင်းကာလအတွင်း ဘီယာသောက်နေကြောင်း တွေ့ရှိရပြီးနောက် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ 

ဒေသခံများထံမှ တိုင်ကြားမှုများ ရှိလာပြီးနောက် ကျောင်းထိုင်ဆရာတော်ကို ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။

ချင်းမိုင်မြို့ ဆန်ဆိုင်းရှိ ဘုန်ကြီးကျောင်းမှ ဘုန်းကြီးများကို စုံစမ်းစစ်ဆေးပြီး ဖမ်းဆီးရန် ဗုဒ္ဓဘာသာဆိုင်ရာ အရာရှိများက ရဲဗိုလ်မှူးကြီး Naruebal Jittayanunk ဦးဆောင်သည့် မဲဂျို ရဲစခန်းမှ ရဲအရာရှိများကို ၂၀၂၄ ခုနှစ် ဩဂုတ်လ (၁၉) ရက်နေ့တွင် အကြောင်းကြားခဲ့သည်။ 

ရဲအရာရှိများ ဘုန်းကြီးကျောင်းသို့ ရောက်ရှိချိန်တွင် ကျောင်းထိုင်ဘုန်းကြီး အပါအဝင် ဘုန်းကြီး (၂)ပါး ဘီယာသောက်နေသည်ကို တွေ့ရှိရ၍  မဲဂျိုရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်လာခဲ့ကြောင်း သိရသည်။ 

ဆက်လက်၍ ကျောင်းထိုင်ဆရာတော်ကို လူဝတ်လဲပြီး အာမခံဖြင့် လွှတ်ပေးခဲ့ကြောင်း နှင့် ၂၀၂၄ ခုနှစ် ဩဂုတ်လ (၂၀) ရက်နေ့တွင် တရားရုံး၌ ကြားနာစစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောင်းထိုင်ဆရာတော်ကို အမှုဖွင့် တရားစွဲဆိုထားသော စွဲချက်များတွင် ဘုန်ကြီးကျောင်းတစ်ခုအတွင်း အရက် သို့မဟုတ် အရက်ကဲ့သို့ မူးယစ်စေတတ်သောအရာ သောက်သုံးမှု ပါဝင်ပြီး ထိုစွဲချက်မှာ (၆) လအထိ ထောင်ဒဏ်ဖြစ်စေ သို့မဟုတ် ဘတ် (၁၀,၀၀၀) အထိ ငွေဒဏ်ဖြစ်စေ သို့မဟုတ် ပြစ်ဒဏ် (၂) ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်။

ထို့အပြင် ဆရာတော်ကို ဝိနည်းအရ အပြစ်ရှိ၍ သိက္ခာချ လူဝတ်လဲစေပြီး အရက်ထိန်းချုပ်ရေး အက်ဥပဒေအရ အရေးယူခံရမည်လည်း ဖြစ်သည်။ 

ဘုန်းကြီးကျောင်းများနှင့် စာသင်ကျောင်းများတွင် အရက်သောက်ခြင်းကို တားမြစ်ထားသည့် ဥပဒေကို ချင်းမိုင်ပြည်နယ် ယဥ်ကျေးမှုကောင်စီ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Walla Namwongphrom က အလေးအနက် ပြောခဲ့သည်။ 

ထိုဥပဒေအရ ပြစ်ဒဏ်များမှာ ပြင်းထန်ကြောင်း အထူးသဖြင့် ဘုန်းကြီးများအတွက် ငွေဒဏ်နှင့် ထောင်ဒဏ် ကျခံရမည့်အပြင် လူဝတ်လဲခံရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

 

Source: The Thaiger