မကြာသေးမီက တရုတ်ကုမ္ပဏီတစ်ခုက ထုတ်ပြန်လိုက်သည့် ဖောက်သည်ဝန်ဆောင်မှုဌာနနှင့် အမျိုးသမီးတစ်ဦးကြား အပြန်အလှန် ဆက်သွယ်ပြောဆိုထားသည့် စာသားများကို ဖတ်ရှုလိုက်ရသူများအဖို့ ပါးစပ်အဟောင်းသား ဖြစ်ခဲ့ရသည်။
ထိုအမျိုးသမီးက သူမ၏ သမီးဖြစ်သူမှာ ကုမ္ပဏီမှ ဝယ်ယူခဲ့သော အတွင်းခံဘောင်းဘီကို ဝတ်ပြီးနောက် ကိုယ်ဝန်ရှိလာကြောင်း ပြောဆိုထားခြင်း ဖြစ်သည်။
အမျိုးသမီးတစ်ဦးက တရုတ်နိုင်ငံ၏ အကြီးဆုံး အွန်လိုင်း လက်လီအရောင်း ဝက်ဘ်ဆိုက် Taobao ပေါ်တွင် ကုမ္ပဏီတစ်ခုထံမှ အတွင်းခံဝတ်စုံ ဝယ်ယူခဲ့ကြောင်းနှင့် သူမ၏ သမီးဖြစ်သူမှာ အဆိုပါ အတွင်းခံ ဝတ်စုံအသစ်ကို ဝတ်ဆင်ပြီးနောက် ကိုယ်ဝန်ရှိလာကြောင်း ဖောက်သည်ဝန်ဆောင်မှုဌာနကို ဆက်သွယ်ပြောဆိုခဲ့သည်။
သက်ဆိုင်ရာ ဝန်ထမ်းက မကျေမနပ် ဖြစ်နေသော အမျိုးသမီးကို ထိုသို့ မဖြစ်နိုင်ကြောင်း ကြိုးစားရှင်းပြခဲ့သော်လည်း သမီးဖြစ်သူ ကိုယ်ဝန်ရှိနိုင်သည့် တစ်ခုတည်းသော နည်းလမ်းမှာ ထိုအတွင်းခံဘောင်းဘီသာ ဖြစ်ကြောင်း သူမက အခိုင်အမာ ပြောဆိုပြီး ရှင်းလင်းချက်ပေးရန် တောင်းဆိုခဲ့သည်။
ထိုအမျိုးသမီးအား သူမ၏ ယူဆချက်မှာ မဖြစ်နိုင်ကြောင်း ရှင်းပြ၍ မရသည့် အဆုံးတွင် ကုမ္ပဏီက ၎င်း၏ စက်ရုံဝန်ထမ်းများမှာ အမျိုးသမီးများဖြစ်ပြီး ၎င်းတို့၏ အလုပ်ရှင်ကလည်း သားကြောဖြတ်ထားကြောင်း၊ ထို့ကြောင့် မိန်းကလေး၏ ကိုယ်ဝန်မှာ ကုမ္ပဏီနှင့် မည်သို့မျှ မသက်ဆိုင်ကြောင်း ပြောခဲ့ရသည်။
"ငါ့သမီးက နင်တို့ရဲ့ အတွင်းခံဘောင်းဘီ ဝတ်ပြီးတဲ့နောက် ကိုယ်ဝန်ရှိလာတာ" ဟု အမျိုးသမီးက စာပို့ထားပြီး ကုမ္ပဏီဝန်ထမ်းက "အတွင်းခံဘောင်းဘီကို ကိုယ်ဝန်ရဖို့အတွက် အသုံးမပြုနိုင်ပါဘူး" ဟု ပြန်လည် ဖြေကြားထားသည်။
ထိုအမျိုးသမီးက သူမ၏ ထင်မြင်ယူဆမှုကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုလာမည်ကို စိုးရိမ်မှုကြောင့် ကုမ္ပဏီက သူမနှင့် ဖောက်သည်ဝန်ဆောင်မှုဌာနကြား ဆက်သွယ်ပြောဆိုထားသော စာသားများကို ဆိုရှယ်မီဒီယာတွင် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
Source: OddityCentral