အိန္ဒိယနိုင်ငံတွင် ကျင်းပပြုလုပ်သည့် BIMSTEC စီးပွားရေးထိပ်သီးအစည်းအဝေးတွင် စစ်အုပ်စု ကိုယ်စားလှယ်များပါဝင်နေမှု အဆုံးသတ်ရန် လိုအပ်ကြောင်း Justice For Myanmar ပြော

အိန္ဒိယနိုင်ငံတွင် ကျင်းပပြုလုပ်သည့် BIMSTEC စီးပွားရေးထိပ်သီးအစည်းအဝေးတွင် စစ်အုပ်စု ကိုယ်စားလှယ်များပါဝင်နေမှု အဆုံးသတ်ရန် လိုအပ်ကြောင်း Justice For Myanmar ပြော
သြဂုတ် 8, 2024 | 2021 Military Coup

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်တွင် အိန္ဒိယစက်မှုလုပ်ငန်းအဖွဲ့ချုပ်နှင့် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနတို့ မိတ်ဖက်ဆောင်ရွက်၍ စီစဉ်ကျင်းပသည့် BIMSTEC စီပွားရေးထိပ်သီးအစည်းအဝေးတွင် စစ်အုပ်စု ကိုယ်စားလှယ်များ ပါဝင်တက်ရောက် ဆွေးနွေးနေမှု အဆုံးသတ်ရန်လိုအပ်ကြောင်း Justice For Myanmar က အသိပေး ပြောဆိုသည်။

နယူးဒေလီမြို့တွင် သြဂုတ်လ (၆) ရက်နေ့ကစတင်ပြီး ပထမအကြိမ်အဖြစ် နှစ်ရက်တာကျင်းပခဲ့သည့် အဆိုပါအစည်းအဝေးတွင် စစ်အုပ်စုဘက်မှ စီးပွားကူးသန်း ဒုဝန်ကြီး မင်းမင်း၊ စစ်အုပ်စုထိန်းချုပ်ထာသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံရေး ဦးစီးဌာန၏ မန်နေဂျင်းဒါရိုက်တာ တင်ဇော်မြင့်နှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ၏ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

မြန်မာစစ်အုပ်စု၏ စီးပွားရေးနှင့် ကူးသန်ရောင်းဝယ်ရေး ဒုတိယဝန်ကြီး ပါဝင်တက်ရောက်သည့် ပထမအကြိမ် BIMSTEC Business Summit ကို နယူးဒေလီမြို့တော်တွင် ကျင်းပခြင်းဖြင့် အိန္ဒိယနိုင်ငံနှင့် BIMSTEC တို့သည် မြန်မာပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်ထက် စီးပွားရေးအကျိုးစီးပွားကိုသာ ဆက်လက်၍ ရှေ့တန်းတင်လိုက်ခြင်းဖြစ်ကြောင်း Justice For Myanmar က ဆိုသည်။

နှစ်ရက်ကြာထိပ်သီးဆွေးနွေးပွဲ၏ ရည်ရွယ်ချက်မှာ BIMSTEC မူဝါဒ ချမှတ်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့်ကုန်သည်ကြီးများ အသင်းများအကြားတွင် ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်တင်ရေး နှင့် ဒေသတွင်း အဓိကစီမံကိန်းများတွင် ပုဂ္ဂလိကကဏ္ဍပါဝင်မှုကို မြှင့်တင်ရေး တို့ဖြစ်ကြောင်း သိရသည်။

စစ်အုပ်စုသည် ရာဇဝတ်စီးပွားဂိုဏ်တစ်ခုသာဖြစ်ပြီး၊ မြန်မာပြည်သူများအပေါ် ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုများအတွက် ဘဏ္ဍာငွေရှာဖွေနိုင်မည့် စင်မြင့်တစ်ခုကို ယင်းရာဇဝတ်စီးပွားဂိုဏ်ကို အားမပေးသင့်ကြောင်း Justice For Myanmar က ဆိုသည်။

စစ်အုပ်စု၏ ရာဇဝတ်မှုများအတွက် ငွေကြေးထောက်ပံမှုကြောင့် UMFCCI ကို အမျိုးသားညီညွတ်ရေး အစိုးရက ၂၀၂၃ ခုနှစ်တွင် ဖျက်သိမ်းခဲ့ပြီး ၊ ထိပ်သီအစည်းဝေးတွင် UMFCCI မှ ဆွေးနွေးသူသုံးဦးဖြစ်သည့် ထွန်းထွန်းနိုင်၊ နန်းကလျာဝင်းနှင့် ခိုင်ခိုင်နွယ်တို့ကိုလည်း စစ်အုပ်စုနှင့် ဆက်လက် ပူးပေါင်းမှုကြောင့် အမျိုးသားညီညွတ်ရေးအစိုးရက အမည်ပျက်စာရင်းသွင်းထားသူများဖြစ်ကြောင်း သိရသည်။

စီးပွားရေးထိပ်သီးအစည်းအဝေး၏ မိတ်ဖက်များတွင်ပါဝင်သည့် အိန္ဒိယစတော့အိတ်ချိန်းစာရင်းဝင်သည့် စစ်လက်နက်ထုတ်လုပ်သူလုပ်ငန်းစုကြီးတစ်ခုဖြစ်သည့် Larsen & Toubro Ltd သည် မြန်မာစစ်တပ်ထံ LWT-XP အမျိုးအစား တော်ပီဒို ဒုံးများ ရောင်းချခဲ့သည့် ကုမ္ပဏီတစ်ခုဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းမှုနောက်ပိုင်းတွင်လည်း အဆိုပါ ကုမ္ပဏီသည် စစ်ကောင်စီထံ စင်္ကာပူကုမ္ပဏီခွဲမှတဆင့် အပိုပစ္စည်းအစုံလိုက်များနှင့် အချက်ပေးစောင့်ကြည့်မှုစနစ်တစ်ခုတို့ကို မြန်မာစစ်လက်နက်ပွဲစားကုမ္ပဏီ Star Sapphire Group ထံ ပေးပို့ခဲ့ကြောင်း အိန္ဒိယပို့ကုန်မှတ်တမ်း များအရ သိရသည်။

နောက်ထပ်မိတ်ဖက်တစ်ဦးသည် အိန္ဒိယရေနံနှင့်သဘာဝဓာတ်ငွေ့ ဝန်ကြီးဌာနအောက်ရှိ အများပိုင်ကုမ္ပဏီတစ်ခုဖြစ်သည့် India Oil Corporation Limited (IOCL) ဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလနောက်ပိုင်း IOCL သည် အမေရိကန်ဒေါ်လာ ၁.၅ သန်းဖိုးရှိ ရေတပ်သုံးအဆင့်ဒီဇယ် အပါအဝင် အမေရိကန်ဒေါ်လာ ၃.၇ သန်းတန်ဖိုးကျော် လောင်စာဆီများကို မြန်မာနိုင်ငံသို့ တင်ပို့ခဲ့ကြောင်း Justic For Myanmar က ဆိုသည်။

စစ်တပ်၏ အာဏာသိမ်းကြိုးပမ်းမှု ပထမ ၁၈ လအတွင်း ကုန်တင်ပို့ မှုအများစုသည် IOCL ၏ အင်ဂျင်ဆီနှင့် ချောဆီအမှတ်တံဆိပ် Servo မှ ထုတ်လုပ်သည့် အင်ဂျင်ဝိုင်၊ မော်တာဆီများ၊ ချောဆီများနှင့် ဘရိတ်အရည်များ ဖြစ်ကြောင်း သိရသည်။

Servo ပို့ကုန်အများစုကို လူသိများသော မြန်မာစစ်လက်နက်ပွဲစား Myanmar Chemical & Machinery (MCM) ကုမ္ပဏီထံ တင်ပို့ခဲ့ခြင်း ဖြစ်ပြီး MCM ကုမ္ပဏီနှင့် ဥက္ကဌဖြစ်သူ အောင်လှိုင်ဦးတို့အား အမေရိကန်ပြည်ထောင်စု၊ ကနေဒါနှင့် ယူကေတို့က ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားကြောင်း သိရှိရသည်။

Juctic For Myanmar ၏ အချက်အလက်များအရ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလနောက်ပိုင်း IOCLမှ မြန်မာနိုင်ငံသို့ ကုန်သွယ်မှုသည် ဆက်လက်ရှိနေကြောင်း အတည်ပြုနိုင်ခဲ့ပြီး၊ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတို့တွင် နောက်ထပ်တင်ပို့မှုများကိုလည်း တွေ့ရှိရကြောင်း သိရသည်။

BIMSTEC သည် စစ်အုပ်စုကို တရားဝင်မှုပေးအပ်နေပြီး၊ မြန်မာပြည်သူများအပေါ် ၎င်းတို့၏ အကြမ်းဖက်တိုက်ခိုက်မှုများအတွက် ဘဏ္ဍာငွေရှာဖွေရန် စီးပွားရေးလုပ်ငန်းများနှင့် ထိတွေ့ဆက်ဆံနိုင်မည့် စင်မြင့်တစ်ခုကို ပေးအပ်လျက်ရှိကာ စစ်အုပ်စုအား ပံ့ပိုးကူညီမှုများအား အဆုံးသတ်ရန်လိုအပ်ကြောင်း Justice For Myanmar က ဆိုသည်။

Justice For Myanmar အဖွဲ့သည် စစ်ကောင်စီ၏ ရန်ပုံငွေနှင့် လက်နက်အရင်းအမြစ်များ၏ အချက်အလက်များကို စုံစမ်းဖော်ထုတ်နေပြီး ၊ ၎င်းတို့နှင့် ကမ္ဘာတစ်ဝန်းရှိ အခြားသောအဖွဲ့အစည်းများ၏ ကြိုးစားမှုကြောင့် စစ်ကောင်စီ၏ နိုင်ငံတကာနှင့်ချိတ်ဆက်လုပ်ဆောင်နေသည့် စီးပွားရေးလုပ်ငန်းများတွင် ဒေါ်လာသန်းပေါင်းများစွာကို ဆုံးရှုံးစေခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo: Justice For Myanmar