ကွတ်ခိုင်မြို့ကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ (၆)ဦး သေဆုံးပြီး ဆိုင်ခန်းပေါင်း (၄၀၁)ခန်း မီးလောင် ပျက်စီးခဲ့ရ

ကွတ်ခိုင်မြို့ကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ (၆)ဦး သေဆုံးပြီး ဆိုင်ခန်းပေါင်း (၄၀၁)ခန်း မီးလောင် ပျက်စီးခဲ့ရ

ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း TNLA ၏ ထိန်းချုပ်ရာဒေသ တပ်မဟာနယ်မြေအတွင်း ကွတ်ခိုင်မြို့ကို အာဏာသိမ်း စစ်ကောင်စီတပ်က  လေကြောင်းဖြင့် ပေါင်(၅၀၀)ဗုံး (၇)လုံး ကြဲချတိုက်ခိုက်သည့်အတွက် ဒေသခံ(၆)ဦး သေဆုံးကာ ဆိုင်ခန်းပေါင်း (၄၀၁)ခန်း မီးလောင် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရကြောင်း သိရသည်။

၂၀၂၄ခုနှစ် ဩဂုတ်လ(၅)ရက်နေ့ ညနေ(၃)နာရီ ဝန်းကျင်အချိန်က ကွတ်ခိုင်မြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အာဏာသိမ်း စစ်ကောင်စီတပ်က လေကြောင်းဖြင့် (၄)ကြိမ်တိုင်တိုင် ပေါင် (၅၀၀)ဗုံး (၇)လုံး ကြဲချတိုက်ခိုက်ခြင်းကြောင့် ရပ်ကွက်(၅)နှင့် ရပ်ကွက်(၈)တို့မှ ဒေသခံများအနက် ဒေသခံပြည်သူ (၆)ဦး ဗုံးစထိမှန်ကာ သေဆုံးပြီး (၁၀)ဦး ဒဏ်ရာရရှိခဲ့ကြောင်း TNLA ၏ သတင်းနှင့်ပြန်ကြားရေးဌာနက ယနေ့ ဩဂုတ်လ(၇)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

ယင်းအပြင် ကွတ်ခိုင်မြို့မဈေးရှိ ဆိုင်ခန်းပေါင်း (၄၀၁)ခန်းလည်း ဗုံးကြဲခံရမှုကြောင့် မီးလောင် ဆုံးရှုံးခဲ့သည့်အပြင် ဒေသခံနေအိမ် (၁၀)အိမ်ထက် မနည်း ထိခိုက်ပျက်စီးခဲ့ရကြောင်းလည်း သိရသည်။

စစ်ကောင်စီတပ်၏ ဗုံးကြဲမှုကြောင့် မီးလောင်မှုဖြစ်ပွားသည့် မြို့မဈေးအတွင်း  PSLF/TNLA ၏ ကွတ်ခိုင်မြို့နယ်မီးသတ်တပ်ဖွဲ့က မီးငြိမ်းသတ်ခဲ့ရပြီး  စျေးအတွင်းမှ ပစ္စည်းများ ခိုးဆိုးလုယက်မှုများ မရှိစေရန်အတွက်  လုံခြုံရေးယူထားပေးခဲ့ကြောင်းလည်း သတင်းထုတ်ပြန်ထားရှိသည်။

အာဏာသိမ်းစစ်ကောင်စီတပ်သည် ၎င်းတို့ လက်လွတ်ဆုံးရှုံးလိုက်ရသည့် မြို့များကို ဒေသခံပြည်သူများ၏ အသက်အိုးအိမ်များကို မငှဲ့ညာဘဲ ဗုံးကြဲလေ့ရှိသည်။

 

Photo: PSLF/TNLA