စစ်ကောင်စီ၏ စီစဉ်ပေးမှုဖြင့် ၅၀၀၀ စားများ MNDAA ကို ဆန္ဒပြ

စစ်ကောင်စီ၏ စီစဉ်ပေးမှုဖြင့် ၅၀၀၀ စားများ MNDAA ကို ဆန္ဒပြ

 စစ်ကောင်စီ၏ စီစဉ်ပေးမှုဖြင့် ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ယနေ့  ၂၀၂၄ ခုနှစ် ဩဂုတ်လ(၆) ရက်နေ့ နံနက်ပိုင်းက မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA)ကို  စစ်တပ်ထောက်ခံသူများက ဆန္ဒပြခဲ့ကြကြောင်း သိရသည်။ 

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ရှိ ကုတင်(၁၀ဝ)ဆံ့ဆေးရုံကို သြဂုတ်(၂)ရက်နေ့က MNDAA တပ်များက ဝင်ရောက်စီးနင်းတိုက်ခိုက်သည်ဟုဆိုကာ စုရုံးနေကြခြင်းဖြစ်သည်။

 လက်ရှိတွင် MNDAA သည် လားရှိုးမြို့ကို သိမ်းပိုက်ထားနိုင်ပြီ ဖြစ်သဖြင့် စစ်ခေါင်းဆောင်နှင့် စစ်တပ်ထောက်ခံသူများက ပြည်ပ ကျူးကျော်စစ်ဟုဆိုကာ လူမျိုးရေးဝါဒမှိုင်းတိုက်ခိုက်နေသည်။

ငွေပေးမှ ဆန္ဒလိုက်ပြ၍ ၅၀၀၀ စားဟု ပြည်သူများအကြား အမည်တွင်နေသည့် စစ်တပ်ထောက်ခံသူများကို စုရပ်ကနေ ဆန္ဒပြမည့်နေရာသို့  ပို့ဆောင်ပေးနိုင်ရန် YBS ခရီးသည်တင်မော်တော်ယာဉ် (၇၂)စီး နှင့် YRTC Mini Bus (၁၉)စီး စုစုပေါင်း (၉၁)စီးကို ချောဆွဲပြီး အကြိုပို့ လုပ်ဆောင်ပေးကြောင်းလည်း သိရသည်။

စစ်ကောင်စီကို ထောက်ခံသူများသည် စစ်ကောင်စီဘက်က လေကြောင်းဖြင့် တိုင်းနှင့်ပြည်နယ်များရှိ ဆေးရုံနှင့် ဘာသာရေးအဆောက်အဦးများစွာ အပါအဝင် လူနေကျေးရွာများ အပေါ် လူစုလိုက် အပြုံလိုက် သေဆုံးစေရန် ရည်ရွယ်ချက်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အစုလိုက် အပြုံလိုက် သေဆုံးသည်များကိုတော့ နှုတ်ဆိတ်နေပြီး စစ်ဆေးရုံတိုက်ခိုက်ခံရချိန်မှ ယခုလို ထွက်ပေါ်လာကြခြင်းဖြစ်သည်။

စစ်ကောင်စီသည် လက်နက်ဖြင့် တိုက်ခိုက်၍လည်း မအောင်မြင်၍ ပြည်သူအချင်းချင်း ရန်တိုက်ပေးသည့် နည်းဗျူဟာကိုလည်း ထပ်မံ အသုံးပြုလာနေသည်။