လိင်စွမ်းဆောင်ရည် ပိုကောင်းမည်ထင်၍ မြွေစိမ်အရက် ဝယ်သောက်ခဲ့သော်လည်း အရက်ကုန်မှ မြွေအရုပ်ကို စိမ်ထားကြောင်း သိလိုက်ရသည့် အမျိုးသား

လိင်စွမ်းဆောင်ရည် ပိုကောင်းမည်ထင်၍ မြွေစိမ်အရက် ဝယ်သောက်ခဲ့သော်လည်း အရက်ကုန်မှ မြွေအရုပ်ကို စိမ်ထားကြောင်း သိလိုက်ရသည့် အမျိုးသား
By Mr John

အမျိုးသားတစ်ဦးက လိင်စွမ်းဆောင်ရည် မြှင့်တင်ပေးမည်ဟု ယူဆပြီး တရုတ်နိုင်ငံက ဝယ်လာသည့် မြွေစိမ်အရက်ကို သောက်ခဲ့သော်လည်း အရက်ထဲတွင် စိမ်ထားသော မြွေမှာ မြွေအစစ်မဟုတ်ဘဲ ကစားစရာ ပလတ်စတစ် မြွေအရုပ် ဖြစ်နေကြောင်းသာ တွေ့ခဲ့ရသည်ဟု ထိုင်းသတင်းဝက်ဘ်ဆိုက် The Thaiger က ဖော်ပြသည်။ 

ထိုမြွေစိမ်အရက်တုက ကျောက်ကပ်ပျက်စီးမှု ဖြစ်စေနိုင်ကြောင်းနှင့် အဆိုပါ အမျိုးသား၏ လိင်စွမ်းဆောင်ရည်ကိုလည်း မြှင့်တင်ပေးလိမ့်မည်မဟုတ်ဟု ဆရာဝန်များက သတိပေးသည်။

မြွေစိမ်အရက်တု သောက်မိခဲ့သည့် အသက် (၅၀) နှစ်အရွယ် ထိုအမျိုးသားမှာ ဆီးနှင့်ကျောက်ကပ် အထူးကု ဒေါက်တာ Huang Wei Lun နှင့် ပြသ၍ ကုသမှုခံယူခဲ့ရသည်။ 

ကုသမှုအတွင်း ထိုအမျိုးသားက ၎င်း၏ ကျန်းမာရေးကို မြှင့်တင်ပေးမည်ဟု ထင်မြင်ယူဆပြီး မြွေစိမ်အရက်ကို တရုတ်နိုင်ငံကနေ ဝယ်ယူခဲ့ကြောင်း သိရှိလာရသည်။

သို့သော် အရက်တစ်ပုလင်းလုံးကုန်အောင် သောက်ပြီးနောက် အရက်ပုလင်းထဲတွင် စိမ်ထားသော မြွေမှာ ကစားစရာ ပလတ်စတစ် မြွေအရုပ်ဖြစ်နေရာ ထိုအမျိုးသားမှာ တုန်လှုပ်သွားခဲ့ရသည်။ 

၎င်းအား ကုသပေးသည့် ဆရာဝန်၏ ရှင်းပြမှုအရ ထိုအမျိုးသားမှာ နှစ်များအကြာ အဆိပ်အတောက်မိခဲ့နိုင်ပြီး ပန်းသေပန်းညှိုး ဖြစ်စေရုံမကဘဲ ကျောက်ကပ်ပျက်စီးစေနိုင်ကြောင်း သိရသည်။

မြွေစိမ်အရက်သောက်သည့် အမျိုးသားမှာ အသက် (၂၀) နှစ်အရွယ်ကတည်းက ၎င်း၏ လိင်စွမ်းဆောင်ရည်ကို မြှင့်တင်ရန် ငွေပမာဏများစွာ သုံးခဲ့သည်ဟု ဆိုသည်။ 

ထိုအမျိုးသားက မြွေစိမ်အရက်ကဲ့သို့ ရိုးရာဆေးဘက်ဝင်အရာများမှာ ၎င်း၏ လိင်စွမ်းဆောင်ရည်ကို မြှင့်တင်ပေးမည်ဟု ယူဆခဲ့သော်လည်း  အဆိုပါ ရိုးရာဆေးဘက်ဝင်အရာအချို့တွင် အဆိပ်များ ပါဝင်နေနိုင်ရာ ကျောက်ကပ်ပျက်စီးခြင်းနှင့် ၎င်း၏ လိင်စွမ်းဆောင်ရည်ကို ပိုမိုကျဆင်းစေကြောင်း သိသွားသည်။

 

Source: The Thaiger