စဉ့်ကူးမြို့နယ်အတွင်း စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်၍ ကလေးငယ် အပါအဝင် (၁၃)ဦး သေဆုံး

စဉ့်ကူးမြို့နယ်အတွင်း စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်၍ ကလေးငယ် အပါအဝင် (၁၃)ဦး သေဆုံး

မန္တလေးတိုင်း စဉ့်ကူးမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွါးခြင်း မရှိဘဲ စစ်ကောင်စီက ပိတ်ပင်ထားသော အတွဲလိုက်ဗုံးသီး(Cluster Bombs)များကို အသုံးပြုပြီး လေကြောင်းကနေ တိုက်ခိုက်မှုများကြောင့်  ပြည်သူများ အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရ‌ကြောင်း သိရသည်။

ယနေ့ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၄)ရက်နေ့ နေလယ် (၁)နာရီဝန်းကျင်တွင် စဉ့်ကူးမြို့နယ် ကံတောင်ကျေးရွာအား စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ရာ ကလေးငယ်(၁)ဦး အပါအဝင် ပြည်သူ (၃) ဦး သေဆုံးကာ (၁၃) ဦးဒဏ်ရာရကြောင်း မန္တလေး PDF က သတင်းထုတ်ပြန်လာသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် ညနေ (၃)နာရီခွဲဝန်းကျင်တွင် စဉ့်ကူးမြို့နယ် နွယ်ရုံကျေးရွာအား လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်ရာ ကလေးငယ်(၁)ဦး အပါအဝင် ပြည်သူ (၁၀)ဦး သေဆုံးခဲ့ကာ (၆) ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု သိရသည်။

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ စစ်ရှုံး စစ်ကောင်စီအနေဖြင့် ပြည်သူကို ပစ်မှတ်ထား တိုက်ခိုက်နေခြင်းသည် စစ်တပ်တစ်တပ်အနေဖြင့် ဂုဏ်သိက္ခာအကင်းမဲ့ဆုံး လုပ်ရပ်ဖြစ်ပြီး ကြီးမားသော စစ်ရာဇဝတ်မှုပင် ဖြစ် သည်ဟု မန္တလေး PDF က ထုတ်ပြန်ထားသည်။ 

စိတ်မချမ်းမြေ့ဖွယ်ရာပုံများပါဝင်နေ၍ Telegram တွင် ကြည့်နိုင်ပါသည်။ 

https://t.me/TachileikNewsAgency/52748

 

 

Photo: မန္တလေး PDF