စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ခြောက်လသက်တမ်းတိုးမြှင့်ပေးရန်တင်ပြချက်ကို ယာယီသမ္မတ ဦးမင်းအောင်လှိုင် က လက်ခံပေး

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ခြောက်လသက်တမ်းတိုးမြှင့်ပေးရန်တင်ပြချက်ကို ယာယီသမ္မတ ဦးမင်းအောင်လှိုင် က လက်ခံပေး
ဇူလိုင် 31, 2024 | 2021 Military Coup

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ စစ်အုပ်ချုပ်ရေး (၆)လသက်တမ်းထပ်တိုးမြှင့်ပေးရန် တောင်းဆိုမှုအပေါ် ယာယီသမ္မတာဝန်ယူထားသည့် ဦးမင်းအောင်လှိုင်နှင့် ကာလုံအဖွဲ့ဝင်များအားလုံးက တညီတညွတ်တည်းလက်ခံ ဆုံးဖြတ်လိုက်ကြောင်း သိရသည်။

ယနေ့ ၂၀၂၄ခုနှစ် ဇူလိုင်လ (၃၁)ရက်နေ့တွင် ကာလုံအစည်းအဝေးကို ပြုလုပ်ရာ စစ်ခေါင်းဆောင်သည် ကာကွယ်ရေးဦးစီးချုပ်ရာထူးနှင့် သမ္မတတာဝန်တို့ကို တပြိုင်တည်းရယူပြီးနောက် ကာကွယ်ရေးဦးစီးချုပ်ရာထူးဖြင့် ယခင်ကအတိုင်း အကြောင်းအရာများစွာကို တင်ပြသည်။

ထို့နောက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ တင်ပြချက်ကို ကာလုံအဖွဲ့ဝင်များက ဆွေးနွေးကြပြီးနောက် ယာယီသမ္မတ မင်းအောင်လှိုင်နှင့် ကာလုံအဖွဲ့ဝင်များက နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အနေကြေညာထားသည့် ကာလကို နောက်ထပ်(၆)လ တိုးမြှင့်သတ်မှတ်ကြောင်း တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ခဲ့ကြသည်။

 

အာဏာသိမ်းအပြီးနောက် ၂၀၂၁ ခုနှစ် ဧပြီလက အရေးပေါ် သက်တမ်းကာလသည် (၂)နှစ်ထက် ပိုမကြာနိုင်ကြောင်း စစ်ကောင်စီက ပြောခဲ့သော်လည်း (၆)လသက်တမ်းကို အကြိမ်ကြိမ်တိုးလာခဲ့ရာ (၆)ကြိမ်မြောက်ရှိပြီဖြစ်သည်။

#TachileikNewsAgency