ရှမ်းမြောက်တွင် TNLA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဆက်

ရှမ်းမြောက်တွင် TNLA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဆက်
ဇူလိုင် 29, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချို၊ ကျောက်မဲ၊ မိုးမိတ်မြို့နယ်များတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားပြီး စစ်ကောင်စီတပ်၏ စခန်းတချို့ကိုသိမ်းပိုက်ရရှိကာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိကြောင်း TNLA ထံမှ သိရသည်။

မိုးမိတ်မြို့တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် စစ်ကောင်စီတပ် ခမရ (၃၄၈) တပ်ရင်းတို့ တိုက်ပွဲဖြစ်ပွားရာ၌ စစ်ကောင်စီတပ်၏ အဝေးကင်းစခန်းတစ်ခုကို  TNLA က သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။

မိုးမိတ်ဗျူဟာကုန်းအား ယနေ့ည (၅)နာရီခွဲအချိန်တွင် TNLAက ထပ်မံတိုက်ခိုက်ရာ စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ(၂၁) ခလရ (၃၄၈) တို့နှင့် တိုက်ပွဲဖြစ်ပွားသည်ဟု သိရသည်။

ကျောက်မဲမြို့နယ်တွင် စစ်ကောင်စီတပ် ခမရ(၅၀၂) တပ်စခန်းမှ မန်အောင်ဘုန်းတော်ကြီးကျောင်းဘက်သို့ ဟောင်ဝစ်ဇာလက်နက်ကြီး အလုံး(၃၀) ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ထို့အပြင် စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၁) လက်အောက်ခံ ခမရ (၅၀၁၊ ၅၀၂)ရှိ လွယ်ခွန်တောင်နှင့် တာဝါတိုင်စခန်းကုန်းအား TNLAက တိုက်ခိုက်ရာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားသည်ဟု သိရသည်။

စစ်ကောင်စီတပ်၏ လက်ကျန်စခန်းများလိုက်လံရှင်းလင်းရာတွင် စစ်ကောင်စီတပ်၏ သေနတ် (၁၁)လက်ကို သိမ်းဆည်းရရှိသည်ဟု သိရသည်။ 

နောင်ချိုမြို့နယ် ရေဖြူဘုန်းကြီးကျောင်းအနီးတွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သည် ရေဖြူဘုန်းကြီးကျောင်းမှ TNLA တည်ရှိရာဘက်သို့ ထိုးစစ်ဆင်လာခြင်းကြောင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo: PSLF/TNLA News