ရေကြီးနေသည့် မြဝတီမြို့တွင် ရေစီးနှင့်မျောပါလာသည့် ကလေးအလောင်းတွေ့ရှိ

ရေကြီးနေသည့် မြဝတီမြို့တွင် ရေစီးနှင့်မျောပါလာသည့် ကလေးအလောင်းတွေ့ရှိ

ကရင်ပြည်နယ် မြဝတီမြို့တွင် ရေကြီးရေလျှံနေစဉ် ရေနစ်မြုပ်သေဆုံး၍ မျောပါလာသည့် အသက်(၃)နှစ်အရွယ်ကလေးတစ်ဦးကို ယနေ့ ၂၀၂၄ ခုနှစ် ဇူလိုင်လ (၂၇)ရက်နေ့ နံနက်ပိုင်းက အမှတ်(၅)ရပ်ကွက်အတွင်း ဆယ်ယူတွေ့ရှိကြောင်း အလင်းသစ်လူမှုကူညီရေးအသင်းထံမှ သိရသည်။

ရေနစ်မြုပ်သေဆုံးပြီး ရေစီးနှင့်မျောပါလာသည့် အဆိုပါကလေးကို အမှတ်(၅)ရပ်ကွက်အတွင်း ဆယ်ယူတွေ့ရှိသဖြင့် မြဝတီဆေးရုံကြီးသို့ ပို့ဆောင်ထားရာ အချိန်အတော်ကြသည်အထိ ပိုင်ရှင်မဲ့ဖြစ်နေခဲ့ရပြီး လက်ရှိတွင် ပိုင်ရှင်တွေ့ပြီဟု ဆိုသည်။ 

"ကလေး ယောက်ျားလေးဗျ။ သူတို့က သောင်ရင်းမြစ်ရဲ့ အနိမ့်ပိုင်းမှာနေတာ။ လူကြီးတွေက ရေဘေးဖြစ်တဲ့အခါကျတော့ ပစ္စည်းတွေ သိမ်းနေတာပေါ့နော်။ အဲဒီအချိန် ကလေးကို သူတို့က ဖုန်းလေးပေးဆော့ထားလိုက်တာပေါ့။ ကလေးက ဖုန်းဆော့ရင်းနဲ့ ရေထဲကျသွားတာပေါ့ဗျာ။ လူကြီးတွေက မသိလိုက်ကြဘူး။ ပြီးတော့ လိုက်ရှာတာ မတွေ့ဘူး။"ဟု အလင်းသစ် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကို ပြောသည်။

အဆိုပါကလေးမှာ သေဆုံးလျှက်အနေအထားဖြင့် ရေစီးနှင့်မျောပါလာစဉ် ကယ်ဆယ်ရေးလုပ်နေသူများမှ တွေ့ရှိကာ ဆယ်ယူ၍ မြဝတီဆေးရုံကြီး၏ ရေခဲတိုက်သို့ ပို့ဆောင်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသူကလေးမှာ အမှတ်(၅)ရပ်ကွက် အောက်ချိုင့်ဟုခေါ်သည့် သောင်ရင်းမြစ်ကမ်းနဖူးမှဖြစ်ပြီး မြဝတီမြို့ရေကြီးမှုဖြစ်စဉ်တွင် ကလေးတစ်ဦးနှင့် လူကြီး(၂)ဦး သေဆုံးသည်ဟုလည်း သိရသည်။

"လူကြီးတစ်ဦးကတော့ အိမ်ခြေမဲ့ပေါ့ လမ်းမလျှာက်နိုင်တော့ လေဖြတ်သလိုဖြစ်သွားပြီး ရေထဲမှာတင်ဆုံးတယ်။ နောက်တစ်ဦးက အမှတ်(၁)က တစ်ဦး ရေနစ်ပြီး ဆုံးတယ်။ (၃)ဦးလုံးက မြဝတီဆေးရုံမှာရှိနေတယ်။ မသင်္ဂြိုလ်ရသေးဘူး။"ဟု ၎င်းကဆက်ပြောသည်။

သောင်ရင်းမြစ်ရေသည် ပြီးခဲ့သည့် ဇူလိုင်လ (၂၅)ရက်နေ့ ညသန်းခေါင်တွင် စတင်မြင့်တက်လာခဲ့ပြီးနောက် ရပ်ကွက်များအားလုံး ရေနစ်မြုပ်‌ခဲ့ပြီး ယနေ့ ဇူလိုင်လ (၂၇)ရက်နေ့တွင်မူ ရေပြန်ကျသည်ဟု သိရသည်။ 

"ဒီနေ့တော့ ရေပြန်ကျတယ်ဗျ။ အရင်ဆိုရင် ဘုရင့်နောင်လမ်း အာရှလမ်းမပေါ်မှာ တင်နေတဲ့‌ရေတွေတော့ မရှိတော့ဘူး။ ရပ်ကွက်ထဲက ရေတွေတော့ နည်းနည်းချင်းစီ ပြန်ကျနေပြီ။ ဒီနေ့မနက်ပိုင်း ရေတက်နေသေးတယ်။ နေ့လယ် (၂)နာရီလောက်မှာ ရေပြန်ကျသွားတယ်။"ဟု ၎င်းကဆက်ပြောသည်။

မြန်မာ-ထိုင်း အမှတ်(၁)ချစ်ကြည်ရေးတံတား အဓိကလမ်းမကြီးတွင်လည်း ရေပြန်ကျသွားပြီဖြစ်၍ ကားများသွားလာနိုင်နေပြီဖြစ်သော်လည်း ရပ်ကွက်လမ်းများမှာ ရေနှုတ်မြောင်းမကောင်းခြင်းကြောင့် ရေမြုပ်နေဆဲဖြစ်ပြီး ညနေပိုင်းတွင် မိုးရွာသွန်းမှုလည်း ရပ်သွားသည်ဟု သိရသည်။

လက်ရှိတွင် ယာယီရေဘေးရှောင်စခန်းများဖွင့်လှစ်ထားသည့် ကိုးနဝင်းကျောင်း၊ ရွှေမင်းဝံဘုရားဝန်းနှင့် ရပ်ကွက်ဓမ္မာရုံများတွင် ရေ‌ဘေးရှောင်ဒေသခံများအား ပြောင်းရွှေ့ပေးထားကြောင်း သိရသည်။

#TachileikNewsAgency

Photo: CJ