လားရှိုးတိုက်ပွဲ ၁၃ ရက်အတွင်း ဒေသခံ ၂၉ ဦးသေ ၃၇ ဦးဒဏ်ရာရ 

လားရှိုးတိုက်ပွဲ ၁၃ ရက်အတွင်း ဒေသခံ ၂၉ ဦးသေ ၃၇ ဦးဒဏ်ရာရ 
ဇူလိုင် 15, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်တိုက်ပွဲအတွင်း သေဆုံးရသည့် သံဃာတော်နှင့် အရပ်သား (၂၉)ဦးအထိ ရှိလာပြီး ဒဏ်ရာရသူ (၃၇)ဦးရှိကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်း၏ မှတ်တမ်းတင်ချက်အရ သိရသည်။ 

စစ်ကောင်စီနှင့် MNDAA တို့အကြား ဖြစ်ပွားနေသည့် လားရှိုးတိုက်ပွဲ (၁၃)ရက်အတွင်း မြို့တွင်းသို့ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးနှင့် သံဃာတော်များ အပါအဝင် ဒေသခံ (၂၉)ဦး သေဆုံးပြီး ဒဏ်ရာရသူ (၃၇)ဦးအထိရှိကြောင်း သိရသည်။  

လွန်ခဲ့သည့် ၂၀၂၄ခုနှစ် ဇူလိုင်လ (၃)ရက်မှ ယနေ့ ဇူလိုင်လ (၁၅)ရက်နေ့အထိ လားရှိုးမြို့တွင် တိုက်ပွဲများပြင်းထန်နေပြီး မြို့တွင်းရပ်ကွက်နှင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးနှင့် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်များ ထိမှန်ပျက်စီးပြီး ဒေသခံထောင်ချီ၍ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်ဟု သိရသည်။

ယနေ့ ဇူလိုင်လ (၁၅)ရက်နေ့မှ (၁၈)ရက်‌နေ့အထိ MNDAA သည် တရုတ်ကွန်မြူနစ်ပါတီ၏ အစည်းအဝေး ကျင်းပရန်ရှိသည့်အတွက် (၄)ရက်ကြာ ခေတ္တအပစ်ရပ်မည်ဖြစ်သော်လည်း ထိပ်တိုက်ရင်ဆိုင်ရသည့် အနေအထား ရောက်ရှိလာပါက ခုခံတိုက်ခိုက်သွားမည်ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo: PSLF/TNLA News