မတူပီမြို့နယ်အတွင်း CNF/CNA ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့များမှ ပစ်ခတ်တိုက်ခိုက်မှုများလုပ်ဆောင်နေကြောင်း ချင်းညီနောင်ဆို

မတူပီမြို့နယ်အတွင်း CNF/CNA ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့များမှ ပစ်ခတ်တိုက်ခိုက်မှုများလုပ်ဆောင်နေကြောင်း ချင်းညီနောင်ဆို

ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့နယ်အတွင်း စစ်ကောင်စီကင်းစင်သွားပြီဖြစ်သော်လည်း CNF/CNA ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့များမှ ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့များကို ပစ်ခတ်တိုက်ခိုက်မှုများဆက်လက် လုပ်ဆောင်နေကြောင်း ချင်းညီနောင်ထံမှ သိရသည်။

CNF/CNA ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့များသည် ၂၀၂၄ ခုနှစ် ဇွန်လ (၁၈) ရက်နေ့မှ စတင်ပြီး မတူပီမြို့သိမ်းတိုက်ပွဲဆင်နွဲနေသည့် ချင်းညီနောင်နှင့် မဟာမိတ်များအား အင်အားအလုံးအရင်းနှင့် ထိုးစစ်ဆင်တိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီးနောက် ဇူလိုင်လ (၇)ရက်နေ့အထိ ပစ်ခတ်တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

မတူပီမြို့အား သိမ်းပိုက်ထားသည့် ချင်းညီနောင်အား ဇွန်လ (၁၈)ရက်နေ့မှ ဇူလိုင်လ (၇)ရက်နေ့အတွင်း CNF/CNA ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့များမှ ခြုံခိုတိုက်ခိုက်မှု (၈)ကြိမ် ပြုလုပ်ခဲ့ပြီး ဒရုန်းဖြင့် (၃၃)ကြိမ် ဗုံးသီး (၃၃)လုံး ပစ်ချတိုက်ခိုက်ခဲ့ကြောင်း ချင်းညီနောင်မှ ဆိုသည်။

စစ်ကောင်စီကင်းစင်နေပြီဖြစ်သည့် မတူပီမြို့နယ်အတွင်း CNF/CNA ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့များသည် မတူပီမြို့သိမ်းစစ်ဆင်ရေးဟုဆိုကာ အင်အားဖြည့်တင်း၍ ဆက်လက်အထိုင်ချနေခြင်း ၊ မတူပီမြို့သိမ်းစစ်ဆင်ရေးအကြောင်းပြကာ ရံပုံငွေရှာဖွေနေခြင်းလည်းပြုလုပ်နေကြောင်း ချင်းညီနောင်မှဆိုသည်။

ချင်းညီနောင်၏ အဆိုပါထုတ်ပြန်ချက်နှင့်ပက်သက်ပြီး CNF/CNA ဘက်မှ တစ်စုံတစ်ရာ ပြန်လည်အသိပေး ထုတ်ပြန်ထားခြင်း လက်ရှိအချိန်အထိ မရှိသေးပါ။

ချင်းညီနောင်အနေဖြင့် ချင်းပြည်နယ်အတွင်း စစ်ကောင်စီကင်းစစ်ရေးအတွက် မဟာမိတ်များဖြစ်သည့်  အာရက္ခတပ်တော် (AA)၊ Yaw Army (YA) နှင့် Yaw Defense Force (YDF) တို့နှင့် အတူပူးပေါင်းလက်တွဲကာ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency