လားရှိုးတွင်မြို့တွင် လက်နက်ကြီးကျကာ ဒေသခံ ၅ ဦးသေဆုံး၊ တံတားများလည်းကျိုးကျကာ ကားများပိတ်မိနေ

လားရှိုးတွင်မြို့တွင် လက်နက်ကြီးကျကာ ဒေသခံ ၅ ဦးသေဆုံး၊ တံတားများလည်းကျိုးကျကာ ကားများပိတ်မိနေ
ဇူလိုင် 3, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် တိုက်ပွဲများပြင်းထန်နေပြီး မြို့တွင်းသို့ လက်နက်ကြီးကျကာ အရပ်သား(၅)ဦးသေဆုံးသည့်အပြင် တံတားများကျိုးကာ လမ်းများပိတ်နေသည်ဟု ဒေသခံများထံမှ သိရသည်။

လားရှိုးမြို့တွင် ၂၀၂၄ခုနှစ် ဇူလိုင်လ (၂)ရက်နေ့ ညပိုင်းကစတင်ကာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် တစ်ညလုံး ပစ်ခတ်နေခြင်းကြောင့် ယနေ့ နံနက်ပိုင်းတွင် လားရှိုးတက္ကသိုလ်အနီး ရပ်ကွက်(၁) သာယာလမ်းရှိ နေအိမ်တစ်လုံးအတွင်းသို့ လက်နက်ကြီးကျကာ အရပ်သား (၅)ဦးသေဆုံးသည်ဟု သိရသည်။

“အသံတွေကတော့ တော်တော်ဆိုးနေတယ်။ လက်နက်ကြီးကျတာ အရပ်သား (၅)ဦးပွဲချင်းပြီးသေတယ်။ စစ်ကောင်စီဘက်က ပစ်တာလို့ပြောတယ်။ အခုထိလည်း ပစ်နေတုန်းပဲ။ သာသနာ(၂၅၀၀)ဘက်က တပ်ကနေ။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

လက်ရှိတွင် စဉ့်အင်ဖောင်ဆိပ်၌ ကားများအတက်၊ အဆင်းပြုလုပ်ရန် တန်းစီစောင့်ဆိုင်းနေကြရပြီး လားရှိုး-စဉ့်အင်ကြား နောင်မွန်ရွာဘက်တွင် ပစ်ခတ်မှုမရှိဟုလည်း ဆိုသည်။

“လားရှိုး-နမ့်ပေါင်ဘက်လမ်းပိုင်းတွေ ပိတ်ထားပါတယ်။ လားရှိုး-မိုင်းရယ်ဘက် သွားမယ့်ကားတွေ သွားမရသေးဘူး။ နမ့်ပေါင်မှာ ပစ်ခတ်မှုတွေဖြစ်နေတယ်။ ဟန်နားဘက်လည်း ပိတ်ထားပါတယ်။ နမ့်ပေါင်-မိုင်းရယ်ကားက နမ္မဗောဓတံတား ကျိုးတယ်လို့လည်း ပြောတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

လားရှိုးမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များက ယမန်နေ့ညပိုင်းပိုင်းက စတင်တိုက်ခိုက်ရာ တိုက်ပွဲပြင်းထန်နေခြင်းဖြစ်ပြီး လက်ရှိတွင် လားရှိုးမြို့အဝင်၊ အထွက်များကို စစ်ကောင်စီဘက်က ပိတ်ထားကြောင်း သိရသည်။

#TachileikNewsAgency