စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးများနှင့်အတူ လေကြောင်းတိုက်ခိုက်မှုများကြောင့် နောင်ချိုမြို့တွင် လူနေအိမ်များ ထိခိုက် ပျက်စီး

စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးများနှင့်အတူ လေကြောင်းတိုက်ခိုက်မှုများကြောင့် နောင်ချိုမြို့တွင် လူနေအိမ်များ ထိခိုက် ပျက်စီး
ဇူလိုင် 1, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချို့မြို့တွင် အာဏာသိမ်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးများနှင့်အတူ လေကြောင်းတိုက်ခိုက်မှုများကြောင့်  ဒေသခံ ပြည်သူများ၏ နေအိမ်နှင့်ဆိုင်ခန်းများ ထိခိုက်ပျက်စီးမှုများစွာ ဖြစ်ပေါ်နေသည်ကို ၂၀၂၄ခုနှစ် ဇူလိုင်လ(၁)ရက်နေ့တွင် တွေ့ရသည်။

နောင်ချိုမြို့တွင် ၂၀၂၄ခုနှစ် ဇွန်လ(၂၅)ရက်နေ့က စတင်ကာ တအာင်းတပ်မတော်(TNLA) ပါဝင်သည့် ပူးပေါင်းတပ်ဖွဲ့ နှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဖြစ်ပွားရာ ဒေသခံ တော်တော်များများမှာ ဈေးဆိုင်များနှင့် နေအိမ်များကို ပိတ်သိမ်းကာ စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

ဇွန်လ(၃၀)ရက်နေ့ ညပိုင်းအထိ အာဏာသိမ်း စစ်ကောင်စီတပ်ဘက်က လူနေအိမ်များပေါ် လက်နက်ကြီးဖြင့် ဆက်တိုက် ပစ်ခတ်မှုများအပြင် လေကြောင်းကနေပါ ပစ်ခတ်မှုများကြောင့် လူနေများ ထိခိုက် ပျက်စီးမှုများစွာ ဖြစ်ပေါ်ရခြင်း ဖြစ်ကြောင်း နှင့် ယနေ့ ဇူလိုင်လ(၁)ရက်နေ့ နံနက်ပိုင်းတွင်လည်း စစ်ကောင်စီ၏ ခမရ(၆၀၆)တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများရှိနေဆဲဟု သိရသည်။

 

"မနေ့ မနက်ကဆိုရင် EPC အိမ်ယာအသစ်ထဲကို စကစဘက်က လက်နက်ကြီးနဲ့ ထုတာ။ ခေါင်မိုးပါ ပွင့်ထွက်သွားတယ်။ ပြည်သူတွေရဲ့ နေအိမ်တွေမှာ တော်လှန်ရေးအဖွဲ့တွေ ရှိတယ်အထင်နဲ့ လက်နက်ကြီးရော လေကြောင်းကနေ စက်သေနတ်နဲ့ပါ ပစ်တာ။ ဒီမနက်လည်း ၆၀၆ တပ်က အတော်လေး ပစ်ခတ်နေတယ်"ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ ပြောသည်။

လက်ရှိတွင် မြို့အခြေအနေမှာ တိုက်ပွဲကြောင့် ခြောက်ကပ်နေပြီး လူမရှိသည့် နေအိမ်နှင့် ဆိုင်ခန်းများအတွင်းသို့ ဖောက်ထွင်းခိုးယူမှုများရှိနေသည်ဟုလည်း သိရသည်။

"အိမ်နဲ့ဆိုင်တွေကို ထားခဲ့ပြီး ပြေးရင်လည်း နောက်ပိုင်းက စိတ်မချရဘူး။ စကစက ဝင်မွှေမလား၊ သူခိုးတွေက ဝင်မွှေမလားဆိုတာကို စိုးရိမ်နေရတာ။ အသိတချို့ရဲ့ အိမ်နဲ့ဆိုင်လည်း ဖောက်ခံရတယ်။ ဆိုင်ကယ်လည်း ပါသွားတယ်။ အရေးထဲ ဒ လန် တွေလည်းရှိနေသေးတယ်။ သတင်းပေးတွေပေါ့။ အဲ့လို သတင်းပေးတွေကြောင့်လည်း နေအိမ်တွေပါ ထုခံနေရတာ"ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနှင့်အတူ လေကြောင်းဖြင့်ပါ ပစ်ခတ်မှုကြောင့် လူနေအိမ်များနှင့် ဈေးဆိုင်ခန်းများ အပြင် တိပိဋက ကမ္ဘောဇကျောင်းတိုက်လည်း လက်နက်ကြီးစ  ထိမှန်မှုများရှိကြောင်း အပြင် နောင်ချိုမြို့နယ်မီးသတ်ရုံးပါအဝင် ဌာနဆိုင်ရာရုံးအဆောက်အဦးအချို့လဲ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ပျက်စီးခဲ့ရသည်ဟု သိရသည်။

ပြည်သူများ၏ နေအိမ်များကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်နေသည့် စစ်ကောင်စီ၏ ခမရ(၆၀၆)တပ်ကို သိမ်းပိုက်ရရှိရေးအတွက် တအာင်းတပ်မတော်(TNLA) ပါဝင်သည့် ပူးပေါင်းတပ်ဖွဲ့ က ထိုးစစ်ဆင်နေလျှက်ရှိကြောင်းလည်း သိရှိရသည်။

 

Photo: Mayme Lynn Aung, Nang Kham Hlaing, CJ, TNLA