ထိုင်း နှင့် မြန်မာအကြား နှစ်ဖက် စစ်တပ်တို့ တွေ့ဆုံသည့် ဒေသဆိုင်ရာနယ်ခြားကော်မတီ ( Regional Border Committee - RBC )အစည်းအဝေး၏ (၃၆)ကြိမ်မြောက် အစည်းဝေးကို အလှည့်ကျအနေဖြင့် မြန်မာနိုင်ငံ တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် ကျင်းပြုလုပ်ခဲ့ပြီး နယ်စပ်ရေးရာ ကိစ္စရပ်များကို အထူးဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(၃၆)ကြိမ်မြောက် RBC အစည်းအဝေးကို ၂၀၂၄ခုနှစ် ဇွန်လ(၂၇)ရက်နေ့ကနေ ဇွန်လ(၂၉)ရက်နေ့အထိ မြန်မာဘက် တနင်္သာရီတိုင်း၊ မြိတ်မြို့ရှိ ပုလဲသန္တာဟိုတယ်တွင် ပြုလုပ်ရာ ထိုင်းဘက်က အဖွဲ့အခေါင်းဆောင် အနေဖြင့် ဒုတိယဗိုလ်ချုပ်ကြီး ပရဆမ် ဆဲန်ဆီရီရတ် နှင့် အဖွဲ့ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြန်မာဘက်အနေဖြင့် စစ်ကောင်စီ၏ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ၊ ဒုတိယခေါင်းဆောင် ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ခိုင်ဝင်း အပါအဝင် သက်ဆိုင်ရာ တိုင်းမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်သည်ဟု သိရသည်။
အစည်းအဝေးတွင် မြန်မာ - ထိုင်းနယ်စပ်ဒေသ တလျှောက် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို ပူးပေါင်းဆောင်ရွက်ရေး၊ မူးယစ်ဆေးဝါး တားဆီး နှိမ်နှင်းရေးတွင် မြန်မာဘက်က ပူးပေါင်း ပါဝင်ရေး၊ မြန်မာနိုင်ငံသို့ သွားရောက် အလုပ် လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံသားများကို ကူညီဆောင်ရွက်ပေးရေး၊ နယ်စပ်ကုန်သွယ်မှုကို မြှင့်တင်ရေး၊ တာချီလိတ် နှင့် မယ်ဆိုင်အကြား နှစ်စဉ် ကြုံတွေ့နေရသည့် မယ်ဆိုင်ချောင်းအတွင်း ရေကြီးရေလျှံမှု ပြဿနာကိုလည်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံသား အကျဉ်းသားများကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရေး ကိစ္စရပ်များနှင့် မြန်မာဘက်ခြမ်းရှိ လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များနှင့် ပတ်သက်ပြီး နယ်စပ်ဒေသတွင် ပြဿနာများ ပိုမိုမဖြစ်ပွားရန်အတွက် နယ်စပ်လုံခြုံရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း ထိုင်းဘုရင့် တပ်မတော်ဌာနချုပ်က ဇွန်လ(၃၀)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
စစ်ကောင်စီဘက်ကလည်း "(၃၆) ကြိမ်မြောက် မြန်မာ-ထိုင်း ဒေသဆိုင်ရာကော်မတီ အစည်းအဝေးတွင် ယုံကြည်မှုတည်ဆောက်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ မူးယစ်ဆေးဝါးတားဆီး ကာကွယ်ရေး ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များ၊ နယ်စပ်ဒေသ ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များ၊ နှစ်နိုင်ငံနယ်နိမိတ်ဆိုင်ရာ ကိစ္စရပ်များ၊ နယ်စပ်ဒေသဆိုင်ရာကိစ္စရပ်များနှင့် အခြားကိစ္စရပ်များအား ကဏ္ဍအလိုက် အသီးသီးဆွေးနွေးခဲ့ကြောင်း" သတင်းထုတ်ပြန်ထားသည်။
အဓိက အားဖြင့် အဆိုပါ အစည်းအဝေးတွင် ထိုင်းနိုင်ငံအတွင်းကနေ မြန်မာဘက်သို့ စစ်လက်နက်များ မှောင်ခို တင်ပို့နေသည့် ကိစ္စရပ်များ နှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ကိစ္စရပ်များကို ဦးစားပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
တာချီလိတ် - မယ်ဆိုင်၊ မြဝတီ - မဲဆောက် စသည့် သက်ဆိုင်ရာအလိုက် မြို့နယ်အဆင့်နယ်ခြားကော်မတီ(Township Border Committee - TBC)တွင် ဆွေးနွေး၍ မပြီးပြတ်သည့် ကိစ္စရပ်များနှင့် ပိုမိုလေးနက်သည့် ကိစ္စရပ်များကို ဒေသဆိုင်ရာနယ်ခြားကော်မတီ (RBC)၏ အစည်းအဝေးတွင် ဆွေးနွေးကြခြင်း ဖြစ်ကြောင်းနှင့် ပုံမှန်ဆွေးနွေးကြသည့် ကိစ္စရပ်များအပြင် လတ်တလော ဖြစ်ပေါ်နေသည့် နယ်စပ်ရေးရာကိစ္စရပ်များကို ကြားဖြတ်ထည့်သွင်း ဆွေးနွေးကြကြောင်း သိရသည်။
RBC ၏ (၃၅)ကြိမ်မြောက် အစည်းအဝေးကိုတော့ ၂၀၂၄ခုနှစ် ဇွန်လ(၂၈)ရက်နေ့ကနေ (၃၀)ရက်နေ့အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပပြုလုပ်ခဲ့ပြီး ယခုအကြိမ်အတွက် အလှည့်ကျ အနေဖြင့် မြန်မာဘက်တွင် ပြုလုပ်ခြင်း ဖြစ်သည်။
မြန်မာ နှင့် ထိုင်း နှစ်နိုင်ငံအကြား ဖွဲ့စည်းထားသည့် မြို့နယ်အဆင့်နယ်ခြားကော်မတီ(Township Border Committee - TBC) နှင့် ဒေသဆိုင်ရာနယ်ခြားကော်မတီ ( Regional Border Committee - RBC )တို့သည် နှစ်ဖက် စစ်တပ်က ဦးဆောင်ထားခြင်းဖြစ်ပြီး TBC သည် အောက်ခြေအဆင့် ကော်မတီဖြစ်ပြီး တဖက် ထိုင်းနိုင်ငံ ဘက်သို့ သွားရောက်ကာ ထိုင်း TBC နှင့် ချိတ်ဆက်ပြီး ၎င်းတို့ သတ်မှတ်ထားသည့် တရားခံများကို ဖမ်းဆီးခြင်းနှင့် စုံစမ်းမှုများ လုပ်ဆောင်လေ့ရှိသည်။
Photo: RTARF