ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် PNO ခေါင်းဆောင် ဦးအောင်ခမ်းထီထံ အကြံဉာဏ်တောင်း

ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် PNO ခေါင်းဆောင် ဦးအောင်ခမ်းထီထံ အကြံဉာဏ်တောင်း

စစ်ကောင်စီ၏ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်သည် PNO ပြည်သူ့စစ်ခေါင်းဆောင် ဦးအောင်ခမ်းထီထံ ၂၀၂၄ခုနှစ် ဇွန်လ (၂၆)ရက်နေ့ကလာရောက်၍ အကြံဉာဏ်တောင်းခံကြောင်း PNO က သတင်းဖော်ပြထားသည်။

စစ်ကောင်စီ၏ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်သည် ဘုရားဒါယိကာကြီး ဦးအောင်ခမ်းထီနေထိုင်ရာ ကျောက်တလုံးကြီးမြို့ နေအိမ်သို့ ဇွန်လ (၂၆)ရက်နေ့က လာရောက်၍ ပြည်တွင်းကိစ္စများနှင့် ပတ်သက်၍ အကြံဉာဏ်တောင်းခံခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။ 

လာရောက်တွေ့ဆုံရာတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ရှမ်းပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်းနှင့် အဖွဲ့တို့လည်း ပါဝင်ခဲ့သည်ဟု သိရသည်။

“လာတွေ့တဲ့အကြောင်းရင်းက ပြည်တွင်းအကြောင်းအရာနဲ့ပတ်သက်ပြီး အကြံဉာဏ်ကောင်းတွေ လာတောင်းယူတာလို့တော့ PNO က ဖော်ပြထားတယ်။”ဟု ဒေသခံတစ်ဦးက PNO က ပအိုဝ်းဘာသာဖြင့် ဖော်ပြသည့် ထုတ်ပြန်ချက်ကို ပြန်ပြောပြသည်။

ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်သည် တောင်ကြီးမြို့၌ ကျင်းပပြုလုပ်သော (၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်၊ မူးယစ်ဆေးဝါးများနှင့် ထိန်းချုပ်ဓာတုပစ္စည်းများ မီးရှို့ဖျက်ဆီးပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး နေ့လယ်ပိုင်းတွင် PNO ပြည်သူ့စစ်ခေါင်းဆောင် ဦးအောင်ခမ်းထီထံ သွားရောက်ခဲ့ခြင်းဖြစ်သည်။

“ပအိုဝ်းတွေကို ရှေ့တန်းပို့ သွားသေခိုင်းဦးမလားမသိဘူး။ အကျိုးတူစီးပွားတွေရှိကြတော့။”ဟု ပအိုဝ်းဒေသခံတစ်ဦးက မှတ်ချက်ပြုပြောဆိုသည်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)သည် ငြိမ်းချမ်းရေးယူသော ၁၉၉၁ ခုနှစ်တွင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်သည် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးတာဝန်ထမ်းဆောင်နေချိန်ဖြစ်ကြောင်း သိရသည်။ 

လက်ရှိတွင် စစ်ကောင်စီသည် PNO ပြည်သူ့စစ်များအား  ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)ကို တိုက်ခိုက်ခိုင်းနေပြီး ပအိုဝ်းဒေသအတွင်း ဒေသခံများကို ပြည်သူ့စစ်မျာအဖြစ် အဓမ္မစုဆောင်းနေသည်။

#TachileikNewsAgency

Photo: Pa-O National Army