လူနာတင်ယာဉ်ပေါ်က ဆရာတော် သေနတ်ဖြင့် ပစ်သတ်ခံရမှုကို PDF က ပစ်ခတ်ခြင်းဖြစ်ကြောင်း စစ်ကောင်စီက ထုံးစံအတိုင်း သတင်းထုတ်ပြန်

လူနာတင်ယာဉ်ပေါ်က ဆရာတော် သေနတ်ဖြင့် ပစ်သတ်ခံရမှုကို PDF က ပစ်ခတ်ခြင်းဖြစ်ကြောင်း စစ်ကောင်စီက ထုံးစံအတိုင်း သတင်းထုတ်ပြန်

 မန္တလေးတိုင်း မြင်းခြံမြို့တွင် စခမ ကျေးရွာ၏ ရွာဦးကျောင်းမှ လက်ထောက်ကျောင်းထိုင်ဆရာတော် သေနတ်ဖြင့် ပစ်သတ်ခံရမှုနှင့် ပတ်သက်ပြီး အာဏာသိမ်း စစ်ကောင်စီက PDF က ပစ်ခတ်၍ ပျံလွန်တော်မူခြင်း ဖြစ်ကြောင်း ထုံးစံအတိုင်း သတင်းထုတ်ပြန်လာသည်။

 မြင်းခြံမြို့နယ်၊ မကျီးသမျှားကျေးရွာ၏ မြောက်ဘက် မြင်းခြံ-မကျီးသမျှား သွားကားလမ်းတွင် ၂၀၂၄ခုနှစ် ဇွန်လ(၂၃)ရက်နေ့အကူးပိုင်းအချိန်က   မြတ်ပုည ပရဟိတအသင်းကားဖြင့် လူနာလိုက်ပါ ပို့ဆောင်ပေးစဉ် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်း ဖြစ်သည်။

 စခမကျေး ရွာနေ အသက်(၂၈)နှစ်အရွယ် မဝင့်ဝါအေးသည် ဗိုက်အောင့်ဝေဒနာကြောင့် ဆေးကုရန်လိုသည့်အတွက်  စခမ ကျေးရွာ ရွာဦးကျောင်းမှ လက်ထောက်ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ ဥတ္တမသည် မြတ်ပုည ပရဟိတအသင်းကားကို ကိုယ်တောင်မောင်းပြီး ဘေးတွင်  အသက်(၄၀)နှစ်အရွယ် ဦးအောင်မျိုးသောင်းကို တင်ဆောင်ကာ ထွက်ခွာလာရာ  မြင်းခြံ-မကျီးသမျှား သွားကားလမ်းတွင် ယင်းသို့ ဖြစ်ပွားခြင်းဖြစ်သည်။

PDF ဘက်က ပစ်ခတ်ကြောင်း အာဏာသိမ်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားပုံ

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် သက်တော်(၅၀)၊ ဝါတော်(၁၂)ဝါရှိသည့် ရွာဦးကျောင်းမှ လက်ထောက်ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ ဥတ္တမသည် ကျည်မှန်ဒဏ်ရာ (၄)ချက် ရရှိကာ ပျံလွန်တော်မူသွားပြီး ဘေးကနေ လိုက်လာသည့် ဦးအောင်မျိုးသောင်းသည် ကျည်မှန်ဒဏ်ရာ (၁)ချက်နှင့် ပေါက်ပြဲထိရှ ဒဏ်ရာများရရှိသွားကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး PDF များက လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခြင်းဖြစ်ကြောင်းကို ပစ်ခတ်ခံရမှုကြောင့် ဒဏ်ရာရရှိခဲ့သည့် ဦးအောင်မျိုးသောင်း၏ ပြောဆိုချက်အရ သိရသည်ဟု စစ်ကောင်စီဘက်က ဝင်းနိမ္မိတာရုံ ဆရာတော်ကြီး၏ ဖြစ်စဉ်တုန်းကအတိုင်း သတင်းထုတ်ပြန်ထားခြင်း ဖြစ်သည်။

ဝင်းနိမ္မိတာရုံ ဆရာတော်ကြီးဖြစ်စဉ်တုန်းကလည်း PDF များက ပစ်ခတ်ခြင်းဖြစ်သည်ဟု ယာဉ်မောင်းက ပြောကြောင်းကို စစ်ကောင်စီဘက်က ရုပ်မြင်သံကြားကနေပါ လိမ်လည် သတင်းထုတ်ပြန်ခဲ့သော်လည်း ကံသုံးဆင့်ဆရာတော် ဦးဂုဏိကာဘိဝံသ၏ ရဲဝံ့သည့် ထုတ်ဖော်မိန့်ကြားမှုကြောင့် စစ်ကောင်စီဘက်က ဖြစ်စဉ်အမှန်ကို မဖုံးကွယ်ရဲတော့ဘဲ ၎င်းတို့က ပစ်ခတ်ခြင်းဖြစ်ကြောင်းကို နောက်ပိုင်းတွင် စစ်ကောင်စီဘက်က ဝန်ခံလာရခြင်း ဖြစ်သည်။



မြင်းခြံခရိုင်အတွင်း တိုက်ပွဲဝင်နေသည့် yingyan Black Tiger PDF အဖွဲ့ကလည်း ယခုဖြစ်ရပ်သည် ၎င်းတို့ လုပ်ဆောင်ခြင်း မဟုတ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

"မြင်းခြံ ဆခမဆရာတော် ဥူးဥတ္တမ လူနာလာပို့တဲ့ ကိစ္စမှာ စစ်တပ်က ပစ်သတ်ခြင်းဖြစ်ပါတယ်။ မိမိတို့ Myingyan Black Tiger တပ်ဖွဲ့နဲ့ လုံးဝ(လုံးဝ) မသက်ဆိုင်ပါဘူး။ မိမိတို့  Myingyan Black Tiger (MBT)က မြင်းခြံနှင့် နီးနီးကပ်ကပ်မှာ ရှိမနေသလို ဒီရက်ပိုင်းမှာလည်း စစ်ရေးလှုပ်ရှားမှု မရှိခဲ့ပါဘူး။ မိမိတို့ မြင်းခြံခရိုင်တပ်ရင်းအမှတ် (၉) Myingyan Black Tiger (MBT) တပ်ဖွဲ့ဟာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး အတွက်သာ တိုက်ပွဲဝင်နေတာဖြစ်ပြီး ရဟန်းရှင်လူ မိဘပြည်သူတွေဘက်ကို ဘယ်တုန်းကမှ သေနတ်ပြောင်းဝ မလှည့်ခဲ့သလို MOD အောက်က တရားဝင်တပ်ရင်းဖြစ်တာကြောင့် စစ်အုပ်စုလော်ဘီတွေ တင်သလို မိမိတို့တပ်ဖွဲ့က ပြုလုပ်ခဲ့ခြင်း မဟုတ်ကြောင်းထုတ်ပြန်အပ်ပါသည်။"ဟု ဇွန်လ(၂၃)ရက်နေ့ နေ့လည် (၂)နာရီခွဲအချိန်က သတင်းထုတ်ပြန်ထားသည်။

သေနတ်ဖြင့် ပစ်ခံရသည့် နေရာမှာ PDF အဖွဲ့၏ စစ်ရေးလှုပ်ရှားရာ နေရာမဟုတ်သလို မဟာမိတ်တပ်ဖွဲ့များ၏ စစ်ရေးလှုပ်ရှားမှု မရှိကြောင်းနှင့် စစ်ကောင်စီတပ်၏ ကင်းပုန်းများသာ ရှိကြောင်း ထပ်မံ ပြောကြားထားသည်။

"ဒီကိစ္စမှာ စစ်တပ်ဝါဒဖြန့် သတင်းဌာနတွေ ရေးသလို လူနာလာပို့တဲ့ ဘုန်းကြီးကားကို MBT တပ်ဖွဲ့က ပစ်ခတ်ခြင်းမရှိသလို တပ်ဖွဲ့စစ်ရေးလှုပ်ရှားရာနေရာလည်း မဟုတ်တဲ့အတွက် တပ်ဖွဲ့ကို စွပ်စွဲသူတွေအား လိုက်လံစုံစမ်းပြီး အရေးယူသွားမှာ ဖြစ်ပါတယ်။ ဖြစ်စဉ်ကို Myingyan Black Tiger (MBT)က စုံစမ်းခဲ့ရာ အခင်းဖြစ်ပွားရာနေ့ရက်မှာ မည်သည့်မဟာမိတ်တပ်ဖွဲ့ကမှ စစ်ရေးလှုပ်ရှားတာမရှိ။ မိမိတို့ MBT ကလည်း အခင်းဖြစ်နေရာမှာ တပ်စွဲခြင်း စစ်ရေးလှုပ်ရှားခြင်း မရှိသလို ဆက်လက်စုံစမ်းရာမှာ အခင်းဖြစ်နေရာမှာ စစ်တပ်ကင်းပုန်းတွေသာရှိနေပြီး စစ်တပ်ဘက်ကသာ ကျူးလွန်ခဲ့တာလို့ စုံစမ်းသိရှိရပါတယ်။ ရှေ့မှာ သာဓကရှိခဲ့ပြီး ငါန်းဇွန်နယ်မှာ ဝင်းနိမ္မိတာရုံ ဆရာတော်ကြီးကိုလည်း ငါန်းဇွန်နယ်အတွင်း စစ်တပ်က ပစ်သတ်တာကို PDF က ပစ်တယ်ဆိုပြီး ပြည်သူတွေကို လိမ်ညာခဲ့သေးတဲ့ သာဓကရှိခဲ့ပြီး မငြင်းနိုင်တဲ့ အဆုံးမှာတော့ စစ်တပ်ဘက်က သူတို့မှားပစ်ခဲ့တာကို ဝန်ခံခဲ့ရပါသေးတယ်။ "ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အာဏာသိမ်း စစ်ကောင်စီသည် မြို့နှင့် ကျေးရွာများအကြား ယာဉ်သွားလမ်းများတွင် ကင်းပုန်းများဝတ်၍ စောင့်ကြပ်မှုများ ပြုလုပ်ပြီး ညပိုင်းများတွင် ပစ်ခတ်သည့် ဖြစ်စဉ်များစွာ ရှိခဲ့သလို ပစ်ခတ်မှုကြောင့်  သေဆုံးပြည်သူနှင့် ရဟန်းရှင်လူများစွာ ရှိခဲ့သော်လည်း လူမသိ သူမသိဖြစ်စေခဲ့ကြောင်းနှင့် လူသိရှင်ကြား ဖြစ်စဉ်များတွင်လည်း ၎င်းတို့ဘက်က မှားယွင်းပစ်ခတ်သည် သို့မဟုတ် သက်သက်ပစ်ခတ်ခြင်း ဖြစ်သည်ဟု မည်သည့်အခါမှ ဝန်ခံလေ့မရှိဘဲ PDF များကသာ ပစ်ခတ်လေ့ရှိကြောင်းကိုသာ သတင်းထုတ်ပြန်လေ့ရှိဟု သိရသည်။