ထိုင်းနိုင်ငံတွင် Euro 2024 ဘောလုံးပွဲ လောင်းကစား ကြော်ငြာများ တင်ပေးနေသည့် နာမည်ကြီး Facebook page ၏ ပိုင်ရှင်ကို ဖမ်းဆီး

Photo: CIB
Photo: CIB
ထိုင်းနိုင်ငံတွင် Euro 2024 ဘောလုံးပွဲ လောင်းကစား ကြော်ငြာများ တင်ပေးနေသည့် နာမည်ကြီး Facebook page ၏ ပိုင်ရှင်ကို ဖမ်းဆီး
By Mr John

 ထိုင်းနိုင်ငံတွင် follower အရေအတွက် (၂) သန်းကျော်ရှိသည့် နာမည်ကြီး Facebook page တစ်ခု၏ ပိုင်ရှင်ကို ဂျာမနီနိုင်ငံ၌ လက်ရှိ ယှဥ်ပြိုင်ကစားနေသော ၂၀၂၄ ဥရောပဖလား ဘောလုံးပြိုင်ပွဲ UEFA European Championship (Euro 2024) နှင့် ဆက်နွယ်သည့် အွန်လိုင်းလောင်းကစား ကြော်ငြာများ ပို့စ်တင်မှုဖြင့် ဖမ်းဆီးလိုက်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

ထိုင်းနိုင်ငံ၏ ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို Central Investigation Bureau (CIB) အရာရှိများက တရားရုံး ရှာဖွေဝရမ်းနှင့်အတူ Chavalvit ဟုသာ ဖော်ပြထားသော "Top Comment" အမည်ရှိ Facebook page ပိုင်ရှင် အသက် (၃၆) နှစ်အရွယ်ကို နခွန်ရတ်ချတ်စီမာပြည်နယ်ရှိ ၎င်း၏ နေအိမ်တွင် ၂၀၂၄ ခုနှစ် ဇွန်လ (၂၁) ရက်နေ့က ဖမ်းဆီးခဲ့သည်။

ရဲတပ်ဖွဲ့က iPad Pro 3 အမျိုးအစား tablet တစ်လုံး၊ desktop ကွန်ပျူတာ (၂) လုံးနှင့် iPhone 12 Pro Max တစ်လုံးနှင့် Kasikorn ဘဏ်စာအုပ်တစ်အုပ် အပါအဝင် ပြစ်မှုနှင့် ဆက်စပ်ကြောင်း ယူဆရသည့် ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။ 

Euro 2024 ဘောလုံးပြိုင်ပွဲများနှင့် ဆက်စပ်သော အွန်လိုင်းလှုပ်ရှားမှုများ အရှိန်မြှင့်လာရာ CIB က ဘောလုံးပွဲလောင်းကစား ကြော်ငြာနေသည့် အွန်လိုင်းပလက်ဖောင်းများကို စောင့်ကြည့်ခဲ့ပြီးနောက် ယခု ဖမ်းဆီးမှု ရှိလာခြင်း ဖြစ်သည်။

"Top Comment" Facebook page မှာ follower (၂) သန်းကျော်ရှိပြီး CIB စုံစမ်းစစ်ဆေးရေးမှူးများက ဖော်ထုတ်ခဲ့သည့် အွန်လိုင်းပလက်ဖောင်းများအနက် တစ်ခုဖြစ်သည်။ 

ထို Facebook page က အွန်လိုင်းလောင်းကစား ဝက်ဘ်ဆိုက် အများအပြားအတွက် ကြော်ငြာများပါဝင်သော comment များကို တင်ထားကြောင်း  ရဲတပ်ဖွဲ့က ပြောသည်။

ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည့် Chavalvit ဆိုသူ အမျိုးသားက ထို Facebook page ကို ပိုင်ဆိုင်ကြောင်း ဝန်ခံထွက်ဆိုပြီး ၂၀၁၄ ခုနှစ်ကတည်းက စတင်လုပ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။ 

ထို Facebook page ၏ အဓိက ဝင်ငွေမှာ ကြော်ငြာများမှ ဖြစ်ပြီး (၉၀) ရာခိုင်နှုန်းကျော်မှာ ဘောလုံးပွဲလောင်းကစား ဝက်ဘ်ဆိုက်များမှ ဖြစ်ကြောင်း ၎င်းက စုံစမ်းစစ်ဆေးရေးမှူးများကို ပြောသည်။ 

ကြော်ငြာများမှ လစဥ် ဝင်ငွေ ဘတ် (၁)သိန်းခွဲကျော် ရရှိနေကြောင်း သိရသည်။

ထိုင်းနှင့်အိမ်နီးချင်း မြန်မာနိုင်ငံတွင်မူ အမည်မျိုးစုံဖြင့် Facebook page များစွာက ဘောလုံးပွဲ၊ ဆလော့ဂိမ်း အပါအဝင် အွန်လိုင်းလောင်းကစားမျိုးစုံကို ကြော်ငြာလျက်ရှိပြီး အရေးယူခြင်း မရှိသည်ကို တွေ့ရသည်။ 

 

 

Source: Bangkok Post

Photo: CIB