ဆော်ဒီနိုင်ငံ မက္ကာမြို့တွင် အပူချိန် အဆမတန် လွန်ကဲလာမှုကြောင့် ဟာ့ဂျ်ခရီးစဥ်အတွင်း လူ(၁၀၀၀)ကျော် သေဆုံး

ဆော်ဒီနိုင်ငံ မက္ကာမြို့တွင် အပူချိန် အဆမတန် လွန်ကဲလာမှုကြောင့် ဟာ့ဂျ်ခရီးစဥ်အတွင်း လူ(၁၀၀၀)ကျော် သေဆုံး
By Mr John

ကမ္ဘာတဝန်းမှ အစ္စလာမ်ဘာသာဝင်များ၏ ၂၀၂၄ ခုနှစ် ဟာ့ဂျ် ခရီးစဥ်အတွင်း ဆော်ဒီအာရေဗျနိုင်ငံတွင် အပူချိန် အလွန်အမင်း မြင့်တက်မှုကြောင့် သေဆုံးသူ (၁,၀၀၀) ကျော်အထိရှိလာကြောင်း AFP သတင်းဌာန၏ ၂၀၂၄ ခုနှစ် ဇွန်လ (၂၀) ရက်နေ့ စာရင်းအရ သိရှိရသည်။ 

အလွန်ပူပြင်းနေသည့် ဆော်ဒီအာရေဗျတွင် ဟာ့ဂျ်ခရီးစဥ်အတွင်း သေဆုံးခဲ့သူများအနက် ထက်ဝက်ကျော်မှာ တရားဝင် စာရင်းသွင်းထားခြင်းမရှိသည့် ဟာ့ဂျ်ဘုရားဖူးများဟု ဆိုသည်။

၂၀၂၄ ခုနှစ် ဇွန်လ (၂၀) ရက်နေ့တွင် ဟာ့ဂျ်ခရီးစဥ်အတွင်း နောက်ထပ် သေဆုံးသူများအနက် အီဂျစ်နိုင်ငံမှ (၅၈) ဦး ပါဝင်ကြောင်း အာရပ်သံတမန်တစ်ဦးက ပြောသည်။ 

ဟာ့ဂျ်ခရီးစဥ်အတွင်း အီဂျစ်နိုင်ငံသား (၆၅၈) ဦး သေဆုံးခဲ့ရာ (၆၃၀) ဦးမှာ တရားဝင် စာရင်းသွင်းထားခြင်းမရှိသော ဟာ့ဂျ်ဘုရားဖူးများ ဖြစ်သည်။ 

ဟာ့ဂျ်ခရီးစဥ်အတွင်း နိုင်ငံ (၁၀)နိုင်ငံဝန်းကျင်မှ လူ (၁,၀၈၁) ဦး သေဆုံးခဲ့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် ဟာ့ဂျ်ခရီးစဥ်မှာ အလွန်ပူပြင်းသော ဆော်ဒီ၏ နွေရာသီအတွင်း ထပ်မံကျရောက်ခဲ့သည်။

 National Meteorological Centre က ထုတ်ပြန်မှုအရ ယခု သီတင်းပတ်တွင် ဆော်ဒီနိုင်ငံ မက္ကာမြို့ရှိ Grand Mosque ဗလီ၌ အပူချိန် (၅၁.၈) ဒီဂရီဆဲလ်စီးယပ်အထိ မြင့်တက်ခဲ့ကြောင်း သိရသည်။ 

ပြီးခဲ့သည့် မေလအတွင်း ထုတ်ပြန်ခဲ့သော ဆော်ဒီ၏ လေ့လာမှုတစ်ခုက ဒေသတွင်း အပူချိန်မှာ ဆယ်စုနှစ်တစ်ခုလျှင် (၀.၄) ဒီဂရီဆဲလ်စီးယပ် မြင့်တက်လာနေကြောင်း ပြောထားသည်။

ဆော်ဒီသို့ နှစ်စဥ် ဟာ့ဂျ်ခရီးစဥ် လာရောက်ကြသူများအနက် ထောင်ပေါင်းများစွာမှာ အကုန်အကျများသော တရားဝင် ခရီးစဥ်ကို မတတ်နိုင်ကြရာ တရားမဝင် လမ်းကြောင်းများမှတစ်ဆင့် ဟာ့ဂျ်ဘုရားဖူး လာရောက်လေ့ရှိကြသည်။ 

၂၀၂၄ ခုနှစ် ဇွန်လအတွင်း တရားမဝင် ဟာ့ဂျ်ဘုရားဖူး ထောင်ပေါင်းများစွာကို မက္ကာမြို့ကနေ ထွက်ခွာစေခဲ့ကြောင်း ဆော်ဒီအာဏာပိုင်များက သတင်းထုတ်ပြန်ထားသည်။ 

သို့သော် အများအပြားမှာ ကျန်ရှိနေဆဲဖြစ်ပြီး ဟာ့ဂျ်ပြုမှုတွင် ပါဝင်ခဲ့ကြပုံရကြောင်း သိရသည်။

၂၀၂၄ ခုနှစ် ဇွန်လ (၂၀) ရက်နေ့တွင် ပါကစ္စတန်နှင့် အင်ဒိုနီးရှားကလည်း ၎င်းတို့၏ နိုင်ငံသားများ နောက်ထပ် သေဆုံးမှုရှိကြောင်း အတည်ပြုခဲ့ကြသည်။ 

ပါကစ္စတန်နိုင်ငံမှ ဟာ့ဂျ်ဘုရားဖူး (၁၅၀,၀၀၀) ဝန်းကျင်အနက် ယခုအချိန်အထိ (၅၈) ဦး သေဆုံးခဲ့ကြောင်း သံတမန်တစ်ဦးက AFP သတင်းဌာနကို ပြောခဲ့သည်။ 

အင်ဒိုနီးရှားနိုင်ငံမှာ ဟာ့ဂျ်ခရီးစဥ် လာရောက်ကြသူ (၂၄၀,၀၀၀) ခန့်အနက် (၁၈၃) ဦး သေဆုံးခဲ့ကြောင်း အင်ဒိုနီးရှား ဘာသာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

အီရတ်၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကာဒစ္စတန်နယ်မြေ၊ မလေးရှား၊ အိန္ဒိယ၊ ဂျော်ဒန်၊ အီရန်၊ ဆီနီဂေါ၊ တူနီးရှား၊ ဆူဒန် နိုင်ငံတို့ကလည်း ဟာ့ဂျ်ခရီးစဥ်အတွင်း သေဆုံးမှုများရှိကြောင်း အတည်ပြုထားသည်။ 

ဟာ့ဂျ်ပြုခြင်းမှာ အစ္စလာမ်၏ မဏ္ဍိုင်ကြီး (၅) ခုအနက်မှ တစ်ခုဖြစ်ပြီး ကမ္ဘာတဝန်းမှ အစ္စလာမ်ဘာသာဝင် မွတ်စလင်မ်များက ဟာ့ဂျ်ပြုရန် နှစ်စဥ် ဆော်ဒီသို့ လာရောက်ကြသည်။

Source: AFP