ဩစတြေးလျနိုင်ငံအတွင်း ဆလတ်ရွက်ပြတ်လပ်မှုကြောင့် KFC ဘာဂါတွင် ဂေါ်ဖီရွက်အသုံးပြုနေရ

ဩစတြေးလျနိုင်ငံအတွင်း ဆလတ်ရွက်ပြတ်လပ်မှုကြောင့် KFC ဘာဂါတွင် ဂေါ်ဖီရွက်အသုံးပြုနေရ
By Mr John

ဩစတြေးလျနိုင်ငံတွင် ဆလတ်ရွက်ပြတ်လပ်နေမှုကြောင့် အမြန်ပြင် အစားအစာလုပ်ငန်းကြီး KFC က ၎င်း၏ ဘာဂါများတွင် ဂေါ်ဖီရွက်များထည့်သွင်း အသုံးပြုနေရကြောင်း သိရသည်။

ဩစတြေးလျတွင် ရေကြီးမှုကြောင့် ဆလတ်ရွက်စိုက်ခင်းများ ပျက်စီးခဲ့ပြီးနောက် ဆလတ်ရွက်နှင့် ဂေါ်ဖီရွက်ကို ရောနှောအသုံးပြုနေကြောင်း KFC က စားသုံးသူများကို ပြောခဲ့သည်။

ဩစတြေးလျတွင် လတ်ဆတ်သစ်သီးနှင့် ဟင်းသီးဟင်းရွက် ဈေးနှုန်းများ တစ်ဟုန်ထိုးမြင့်တက်နေသည်ဟုလည်း ဆိုသည်။

ဆိုရှယ်မီဒီယာ အသုံးပြုသူများက ပုံမှန်ထက် (၃) ဆအထိ ဈေးနှုန်းမြင့်တက်သွားသော ဩစတြေးလျဒေါ်လာ (၁၀) ဒေါ်လာ (မြန်မာကျပ်ငွေ ၁၃,၀၀၀ ကျော်) ပေးရသည့် ဆလတ်ရွက် ဓာတ်ပုံများကို တင်ထားခဲ့ကြသည်ကြောင်း BBC သတင်းက ဖော်ပြသည်။

KFC Australia ဝက်ဘ်ဆိုက်တွင် "မကြာသေးမီက New South Wales နှင့် Queensland တို့တွင် ဖြစ်ပေါ်ခဲ့သည့် ရေကြီမှုများကြောင့် ကျွန်ုပ်တို့ လက်ရှိတွင် ဆလတ်ရွက်ပြတ်လပ်မှု ကြုံတွေ့နေရပါသည်။ ထို့ကြောင့် နောက်ထပ် အသိပေးချက်ထုတ်ပြန်သည်အထိ ဆလတ်ရွက်ပါဝင်သော အစားအစာများ အားလုံးတွင် ဆလတ်ရွက်နှင့် ဂေါ်ဖီရွက်ကို ရောနှောအသုံးပြုနေပါသည်" ဟု ထုတ်ပြန်ထားသည်။

KFC အနေဖြင့် ဩစတြေးလျတွင် အစားအစာပစ္စည်း ပြတ်လပ်မှုကို ယခုနှစ်အတွင်း ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်းမဟုတ်ဟု ဆိုသည်။

ဇန်နဝါရီလအတွင်းကလည်း ၎င်း၏ အဓိက အစားအစာများအတွက် အဓိကဖြစ်သော ကြက်သားပြတ်လပ်မှုကြောင့် စားသောက်ဖွယ်ရာစာရင်းကို ပြင်ဆင်ခဲ့ရဖူးသည်။

ယမန်နှစ် နှစ်ကုန်ပိုင်းက ဩစတြေးလျအရှေ့ပိုင်း ပြည်နယ်များတွင် အိုမီခရွန်ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် ဩစတြေလျး၏ အကြီးဆုံး ကြက်သားထုတ်လုပ်ရေးလုပ်ငန်း Ingham's တွင် ဝန်ထမ်းမလုံလောက်မှုဖြစ်ခဲ့ရာမှ ကြက်သားပြတ်လပ်မှု ကြုံခဲ့ရခြင်းဖြစ်သည်။

ထိုအတောအတွင်း ကမ္ဘာ့အကြီးဆုံး အမြန်ပြင်အစားအစာကုမ္ပဏီ McDonald's မှာလည်း ကမ္ဘာတဝန်း ထောက်ပံ့ရေးကွင်းဆက် အကျပ်အတည်းကြောင့် ဂျပန်နှင့် စင်ကာပူအပါအဝင် ၎င်း၏ အာရှဆိုင်ခွဲအချို့တွင် အားလူးချောင်းကြော် ပြတ်လပ်မှု ကြုံခဲ့ရသည်။

ယူကရိန်းစစ်ပွဲနှင့် ကပ်ရောဂါကြောင့် ကမ္ဘာတဝန်း အခြားနိုင်ငံများကဲ့သို့ပင် ဩစတြေးလျတွင်လည်း အစားအစာ ထောက်ပံ့ရေးကွင်းဆက် ပြဿနာကြုံနေခဲ့ရသည်ဟု ဆိုသည်။

ဩစတြေးလျ၏ ကိုယ်ပိုင် စားနပ်ရိက္ခာထုတ်လုပ်မှုမှာ ယခုနှစ်အစောပိုင်းက အရှေ့ဘက်ကမ်းရိုးတန်းတွင် ကြီးမားသော ရေလွှမ်းမိုးမှုကဲ့သို့ ပြင်းထန်သည့်ရာသီဥတုဖြစ်စဥ်များကြောင့် ထိခိုက်မှုရှိခဲ့သည်။

ထိုအခြေအနေက ဩစတြေးလျတွင် နေထိုင်သူများအတွက် နေထိုင်စရိတ် ကြီးမြင့်လာပြီး ၂၀၂၂ ခုနှစ် ပထမ သုံးလပတ်အတွင်း စားသုံးသူဈေးနှုန်းများ (၅.၁) ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

ယခုအခြေအနေမှာ ဩစတြေးလျတွင် နှစ်ပေါင်း (၂၀) အတွင်း ငွေကြေးဖောင်ပွမှုနှုန်း အမြင့်ဆုံးလည်းဖြစ်ခဲ့ပြီး ထိုထက်ပို၍ပင် မြင့်တက်နိုင်ကြောင်း ခန့်မှန်ထားကြသည်။

ဩစတြေးလျ ဗဟိုဘဏ်ကလည်း ငွေကြေးဖောင်းပွမှုနှုန်းကို ထိန်းချုပ်ရန် ကြိုးပမ်းမှုအဖြစ် ချေးငွေအတိုးနှုန်းကို ခန့်မှန်းထားသည်ထက် ပိုမိုမြှင့်တင်ခဲ့သည်။

Reserve Bank of Australia က ၎င်း၏ အဓိက အတိုးနှုန်းကို ရာခိုင်နှုန်းတစ်ဝက် တိုးမြှင့်ပြီး (၀.၈၅) ရာခိုင်နှုန်းအဖြစ် သတ်မှတ်ခဲ့ကြောင်း သိရသည်။

Source: BBC