ဆန်၊ စပါးလုပ်ငန်းရှင်များကို ဖမ်းဆီးစစ်ဆေးနေကြောင်း စစ်ကောင်စီ ထုတ်ပြန်

ဆန်၊ စပါးလုပ်ငန်းရှင်များကို ဖမ်းဆီးစစ်ဆေးနေကြောင်း စစ်ကောင်စီ ထုတ်ပြန်
ဇွန် 22, 2024 | 2021 Military Coup

ဆန်၊ စပါးလုပ်ငန်းရှင်များကို ဖမ်းဆီးစစ်ဆေးနေကြောင်း စစ်ကောင်စီက ယနေ့ ၂၀၂၄ ခုနှစ် ဇွန်လ (၂၂)ရက်နေ့ တွင် ဝန်ခံထုတ်ပြန်သည်။

မြန်မာနိုင်ငံစားသုံးသူဈေးကွက်အတွင်း ပြည်တွင်း၌ ဆန်စပါးဈေးနှုန်းများ အဆမတန် မြင့်တက်လျက်ရှိသည်။ ထိုသို့ ပြည်တွင်း၌ ဆန်စပါးဈေးနှုန်းများ အဆမတန် မြင့်တက်မှုနှင့်ပတ်သက်၍  သက်ဆိုင်ရာတာဝန်ရှိသူများက မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများအားခေါ်ယူ၍ လိုအပ်သည်များ မေးမြန်းနေသည်ဟု ဆိုသည်။

စစ်ကောင်စီသည် ဇွန်လ(၂၀)ရက်နေ့က ဆန်ကုန်သည်များ၊ ဆန်စက်များကို အရေးပေါ် အစည်းအဝေးခေါ်ယူပြီးနောက် ဇွန်လ (၂၁)ရက်နေ့တွင် ဆန်ကုန်သည်များကို ဖမ်းဆီးသဖြင့် လုပ်ငန်းရှင်များ ထွက်ပြေးနေရသည်ဟု သိရသည်။

“ဧရာဝတီတိုင်းထဲက ဆန်စက်ကြီးတဲ့ လုပ်ငန်းရှင်တွေကို လိုက်ဖမ်းနေတာ။ လုံးဝဆိုးဆိုးဝါးဝါးပဲ။ ထွက်ပြေးနေကြရတယ်။ စပါးဈေးက တော့ထိုးကျသွားတယ်။”ဟု ဧရာဝတီတိုင်းမှ ဆန်စက်ပိုင်ရှင်တစ်ဦးက Tachileik News Agency ကိုပြောသည်။

လက်ရှိတွင် ရန်ကုန်မြို့ ဘုရင့်နောင်ပွဲရုံရှိ ဆန်ပွဲရုံများကို စစ်ကောင်စီက ချိပ်ပိတ်ခြင်းများပြုလုပ်ကာ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်နှင့် ဆန်စပါးကုန်စည်ဒိုင်(ဘုရင့်နောင်) ဥက္ကဋ္ဌ ဦးလူမော်မြင့်မောင် တို့ကိုလည်း ဖမ်းဆီးစစ်ဆေးနေသည်ဟု သိရသည်။

စစ်ကောင်စီဘက်ကမူ ဖမ်းဆီးစစ်ဆေးနေကြောင်းသာ သတင်းထုတ်ပြန်ခဲ့ပြီး မည်သူများကို ဖမ်းဆီးစစ်ဆေးနေသည်ကိုမူ ထုတ်ပြန်ခြင်းမရှိပါ။

စစ်ကောင်စီက ဆန်စျေးနှုန်းများကို အနိမ့်ဆုံး ဆန်ကြမ်းစျေးနှုန်းအား (၂၄)ပြည်တစ်အိတ်လျှင် ငွေကျပ်(၇၀,၀၀၀)မှ အမြင့်ဆုံး ရွှေဘိုပေါ်ဆန်းမွှေး တစ်အိတ်လျှင် ငွေကျပ်(၁၄၅,၀၀၀)သတ်မှတ်ထားသည်။

စျေးကွက်အတွင်း ရောင်းချမည်ဆိုပါက ဆန်စျေးနှုန်းများသည် သတ်မှတ်ထားသော ဆန်စျေးနှုန်းထက် (၅)ရာခိုင်နှုန်းမှ (၁၀)ရာခိုင်နှုန်းသာ ကွာဟရမည်ဖြစ်ကာ စူပါမားကတ်များ၊ မီနီမတ်များတွင် သတ်မှတ်ဆန်စျေးနှုန်းထက် (၁၀)ရာခိုင်နှုန်းမှ (၂၀)ရာခိုင်နှုန်းအတွင်းသာ ကွာဟရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။

#TachileikNewsAgency