ဆီဆိုင်မြို့နယ် လွယ်မောတောင်ကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီနှင့် PNLA တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွား

ဆီဆိုင်မြို့နယ် လွယ်မောတောင်ကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီနှင့် PNLA တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွား

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် လွယ်မောတောင်ကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီနှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA တို့ တိုက်ပွဲဖြစ်ပွားကြောင်း PNLA မှ ၂၀၂၄ ခုနှစ် ဇွန်လ (၁၉) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ဆီဆိုင်မြို့နယ် လွယ်မောတောင်ဒေသ ထမ်းယံတိုင်ကျေးရွာအနီးတွင် စစ်ကောင်စီမှ စစ်ကြောင်းထိုးလာသဖြင့် ဇွန်လ (၁၈) ရက်နေ့ မနက် (၉) နာရီမှ (၁၁) နာရီအထိ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားမှုအတွင်း စစ်ကောင်စီဘက်မှ (၃)ဦးထက်မနည်း သေဆုံးခဲ့သည်ကို မျက်မြင်တွေ့ခဲ့ကြောင်း PNLA မှ ဆိုသည်။

ဆီဆိုင်မြို့နယ် လွယ်မောတောင်ဒေသတွင် စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်များသည် ရပ်ရွာအတွင်းနှင့် စာသင်ကျောင်းများတွင် တပ်စွဲနေထိုင်ခြင်းများကြောင့် ကလေးငယ်များမှ ပညာသင်ယူရမည့် အခွင့်အရေးများ ဆုံးရှုံးနေကြောင်း သိရသည်။

စစ်ကောင်စီ နှင့် လက်အောက်ခံ ပြည်သူ့စစ်များသည် နေ့စဉ်နေ့တိုင်း ၎င်းတို့အတွက် ပြည်သူများအား အသားဟင်းများဖြင့် ထမင်းချက်ခိုင်းကာ ထမင်းထုပ်ပို့ခိုင်းခြင်းများကြောင့်လည်း ပြည်သူများ အခက်အခဲကြုံတွေ့နေရကြောင်း PNLA မှ ဆိုသည်။

ထို့အပြင် ပြည်သူများအား ရွာအပြင်ဘက်တွင်လည်းကောင်း တောင်ယာထဲတွင်လည်းကောင်း တွေ့ရှိပါက တော်လှန်ရေးတပ်ဖွဲ့ဝင်များဟု သတ်မှတ်ကာ ပစ်သတ်မည်ဟု ခြိမ်းခြောက်ထားသဖြင့် စိုက်ပျိုးရာသီဖြစ်သော်လည်း ပြည်သူများမှာ စိုက်ပျိုးရေးလုပ်ငန်းခွင် ဝင်ရောက်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

#TachileikNewsAgency