ဓါးဖြင့် ခုတ်ပြီး ဆိုင်ကယ်လုယက်သည့် ဖြစ်စဉ်များ နေ့စဉ် ဖြစ်ပွားနေသည့် တာချီလိတ်မြို့ တွင် ဆိုင်ကယ်လုယက်သည့် နောက်ထပ် တစ်ဖွဲ့ကို ထပ်မံ ဖမ်းမိကြောင်း သိရသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်အတွင်း တော်ကော့ဘုန်းကြီးကျောင်းအနီးတွင် ၂၀၂၄ခုနှစ် ဇွန်လ(၁၅)ရက်နေ့ နံနက်(၂)နာရီခွဲဝန်းကျင်အချိန်က ဓါးဖြင့် ခုတ်ပြီးဆိုင်ကယ် လုယက်သည့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး တရားခံ (၃)ဦး အနက် (၂)ဦးကို ဖမ်းမိခြင်း ဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန်လ(၁၅)ရက်နေ့ နံနက်(၂)နာရီခွဲဝန်းကျင်အချိန်က ဝိန်းကျောက်ရပ်ကွက်အတွင်း တော်ကော့ဘုန်းကြီးကျောင်းအနီးတွင် ကျော်ဇေယျာဟိန်း၊ သန်းရွှေ နှင့် သန်းဦးတို့ (၃)ဦး စီးလာသည့် ဆိုင်ကယ်အား လူ(၃)ဦးမှ ဓါးဖြင့် လှမ်းခုတ်ပြီး ဆိုင်ကယ်လုယက်ခြင်း ဖြစ်သည်။
ဓါးဖြင့် ခုတ်ခံရမှုကြောင့် ဆိုင်ကယ်စီးလာသည့် (၃)ဦးအနက် သန်းဦး ၏ လက်တွင် ဓါးဒဏ်ရာ (၃)ချက်၊ ကျော်ဇေယျာဟိန်း၏ လက်တွင် ဓါးဒဏ်ရာ (၂)ချက် ရရှိသွား၍ တာချီလိတ်ခရိုင်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး တာချီလိတ်ရဲတပ်ဖွဲ့က ဓါးဖြင့်ခုတ်ပြီး ဆိုင်ကယ်လုယက်သူများကို လိုက်လံရှာဖွေ ဖမ်းဆီးရာ ဆန်ဆိုင်း(ခ)ရပ်ကွက်အပိုင်း ဝမ်မိုင်ရွာအတွင်း၌ ဇွန်လ(၁၅)ရက်နေ့မှာပင် သက်သေခံ ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။
ဓါးဖြင့်ခုတ်ပြီး ဆိုင်ကယ် လုယက်သူများမှာ သားညီ၊ ပြည့်စုံမောင်(ခ)အာနိုး နှင့် မောရှည်တို့ဖြစ်ပြီး လက်ရှိတွင် မောရှည်မှာ ထွက်ပြေး တိမ်းရှောင်နေသည့်အတွက် ပြည့်စုံမောင်(ခ)အာနိုး နှင့် သားညီတို့ (၂)ဦးကိုသာ ဖမ်းဆီးရမိထားကြောင်း သိရသည်။
ဓါးဖြင့်ခုတ်ပြီး ဆိုင်ကယ်လုယက်သည့် အဖွဲ့များကို ဖမ်းဆီးရရှိမှုအနေဖြင့် ဓါးဖြင့် ခုတ်သည့်အပြင် သေနတ်ဖြင့်ပါ ပစ်ခတ်ပြီး ဆိုင်ကယ်လုယက်လေ့ရှိသည့် အဖွဲ့ခေါင်းဆောင် ချဉ်ငံစပ်(ခ)စိုးမိုးအောင်၊ ဖိုးသား နှင့် ကိုကိုလတ်(ခ)ဖက်တီးတို့ကို ဆိုင်ကယ်တွင် တပ်ဆင်ထားသည့် GPS ကနေ တဆင့် ရှာဖွေပြီး ၂၀၂၄ခုနှစ် ဇွန်လ(၁၄)ရက်နေ့က ပစ်ခတ် ဖမ်းဆီးရမိသည်လည်း ရှိသည်။
ယခု ဇွန်လ၏ ဒုတိယပတ်အတွင်း ဓါးဖြင့်ခုတ်ခံရပြီး ဆိုင်ကယ် လုခံရသည့် ဆိုင်ကယ် ပိုင်ရှင် လူနာအချို့မှာ ရရှိထားသည့် ဓါးခုတ်ဒဏ်ရာကြောင့် တာချီလိတ်ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြရသည်။
ကွင်းဆက်တရားခံ ဖော်ထုတ်ရေးနှင့် ပတ်သက်၍လည်း တာချီလိတ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိထားသည့် ဆိုင်ကယ်လုယက်သည့်အဖွဲ့များကို သေချာ စစ်ဆေးပြီး ပါဝင်ပတ်သက်သူများနှင့် ကွင်းဆက်တရားခံများကို ဆက်လက်ဖော်ထုတ်ဖမ်းဆီးပေးနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ဒေသခံအချို့က လူမှုကွန်ရက်(facebook)တွင် မှတ်ချက်များ ရေးသားထားကြသည်ကိုလည်း တွေ့ရသည်။