စစ်တပ်က အာဏာသိမ်းထားသည့် မြန်မာနိုင်ငံတွင် ဆင်းရဲတွင်း ပိုနက်လာပြီး စီးပွားရေးတိုးတက်မှု ရပ်တန့်နေကြောင်း ကမ္ဘာ့ဘဏ် သတိပေး

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်
စစ်တပ်က အာဏာသိမ်းထားသည့် မြန်မာနိုင်ငံတွင် ဆင်းရဲတွင်း ပိုနက်လာပြီး စီးပွားရေးတိုးတက်မှု ရပ်တန့်နေကြောင်း ကမ္ဘာ့ဘဏ် သတိပေး
By Mr John

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်က အာဏာသိမ်းထားသော မြန်မာနိုင်ငံတွင် ဆင်းရဲမွဲတေမှု အခြေအနေမှာ ယခင်ကထက် ပိုမိုကျယ်ပြန့် ဆိုးရွားလာပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ လက်ရှိ ဘဏ္ဍာနှစ်တွင် (၁) ရာခိုင်နှုန်းမျှသာ ရှိနိုင်ကြောင်း ကမ္ဘာ့ဘဏ် (World Bank) က ၂၀၂၄ ခုနှစ် ဇွန်လ (၁၂) ရက်နေ့တွင် ထုတ်ပြန်ထားသည်။

အကြမ်းဖက်မှု မြင့်တက်လာခြင်း၊ လုပ်သားရှားပါးခြင်းနှင့် ငွေကြေးတန်ဖိုး လျော့ကျခြင်းတို့ကြောင့် မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ရန် ပိုခက်လာကြောင်း ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာက ဆိုသည်။ 

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်ကစပြီး စစ်တပ်အာဏာသိမ်းထားမှုကြောင့် ဆယ်စုနှစ်တစ်ခုကြာ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ အဆုံးသတ်သွားခဲ့ပြီး ကဏ္ဍပေါင်းစုံတွင် ကသောင်းကနင်း အခြေအနေ ဖြစ်နေသည်။

စစ်တပ်အာဏာသိမ်းမှုကြောင့် တစ်နိုင်ငံလုံးအနှံ့ လက်နက်ကိုင်တော်လှန်ရေးများ ပေါ်ပေါက်လာခဲ့ပြီး လူဦးရေ (၃) သန်းကျော်မှာ နေရပ်စွန့်ခွာ၍ စစ်ဘေးရှောင်နေကြရသလို မြို့ပေါ်နေသူများလည်း အိမ်နီးချင်းနိုင်ငံများအထိ ရွေ့ပြောင်း နေထိုင်ကြရသည်။ 

စစ်တပ်အာဏာသိမ်းပြီးနောက် ယခုအခါ မြန်မာနိုင်ငံ၏ ဆင်းရဲမွဲတေမှုနှုန်းမှာ (၃၂.၁) ရာခိုင်နှုန်း ဖြစ်လာပြီး ၂၀၁၅ ခုနှစ် အခြေအနေသို့ ပြန်ရောက်သွားခဲ့သည်။ 

၂၀၂၃-၂၄ တွင် မြန်မာနိုင်ငံ၏ ဆင်းရဲမွဲတေမှု ပိုမိုနက်ရှိုင်းလာပြီး ပိုမိုဆိုးရွားလာကြောင်း ကမ္ဘာ့ဘဏ်က ပြောသည်။

Source: Reuters