SSPP/SSAမှ တည်ဆောက်နေသည့် နမ့်ပန်ချောင်းကူးတံတား တည်ဆောက်ပြီးစီးပါက မိုင်းရယ်-မိုင်းရှူး မြို့နယ်ချင်းဆက်လမ်းကို ဖွင့်လှစ်သွားမည်

SSPP/SSAမှ တည်ဆောက်နေသည့် နမ့်ပန်ချောင်းကူးတံတား တည်ဆောက်ပြီးစီးပါက မိုင်းရယ်-မိုင်းရှူး မြို့နယ်ချင်းဆက်လမ်းကို ဖွင့်လှစ်သွားမည်

ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် SSPP/SSA မှ တာဝန်ယူတည်ဆောက်နေသည့် နမ့်ပန်ချောင်းကူးတံတား တည်ဆောက်ပြီးသည်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းရယ်မြို့နှင့် ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှူးမြို့တို့ကို ဆက်သွယ်ထားသည့် မြို့နယ်ချင်းဆက်လမ်းအား ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း SSPP/SSA က ယနေ့ ၂၀၂၄ခုနှစ် ဇွန်လ (၁၁) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

“အရင်တုန်းက သွားနေရတဲ့လမ်းဆိုရင် ကွေ့ကောက်ပြီးတော့ ခရီးဝေးတယ်၊ အခု ဒီတံတားပြီးသွားရင်တော့ မိုင် (၃၀) လောက် သက်သာစေလိမ့်မယ်။ မိုင်းရယ်မြို့နယ်နဲ့ မိုင်းရှူးမြို့နယ်ဆို ခရီးသွားမယ်ဆို တစ်နေ့တာသွားရမယ့်ဟာကို နှစ်နာရီ ၊ သုံးနာရီလောက် ပိုသက်သာစေတာပေါ့” ဟု SSPP/SSA အတွင်းရေးမှုး-(၂) ဗိုလ်မှုးကြီး စိုင်းဆု မှဆိုသည်။

အဆိုပါလမ်းကြောင်းပေါ်တွင် ကျေးရွာပေါင်း (၅၀) ကျော်ရှိပြီး တံတားမရှိခင်အချိန်က ရေစီးကြမ်းသည့် နမ့်ပန်ချောင်းကြောင့် ဒေသခံများသွားလာရေးခက်ခဲခဲ့ပြီး အသက်အန္တရာယ်ကြုံတွေ့ရသည်အထိရှိခဲ့ကာ ကုန်စည်ကူးသန်းရောင်းဝယ်ရာတွင်လည်း နှောင့်နှေးကြံ့ကြာမှုများရှိခဲ့ကြောင်း သိရသည်။

ယခင်က စိုက်ပျိုးရေးသီးနှံများရောင်းချလိုလျှင် ရေချောင်းထဲမှ ဖြတ်သန်းသွားလာရသဖြင့် အများနည်းတူ ဈေးကောင်းရရှိခဲ့ခြင်း မရှိဘဲ ၊ ယခု တံတားတည်ဆောက်ပြီး လမ်းပေါက်လာပါက ကုန်စည်ကူးသန်းရောင်းဝယ်မှု ပိုမိုအဆင်ပြေလာတော့မည်ဖြစ်ကြောင်း မိုင်းရှူးမြို့နယ်မှ တောင်ယာလုပ်ငန်းလုပ်ကိုင်သူ ဒေသခံတစ်ဦးမှ ဆိုသည်။

နမ့်ပန်ချောင်းကူးတံတားကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၃၁) ရက်နေ့တွင် စတင်တည်ဆောက်ခဲ့ပြီး တန် (၈၀) ခံနိုင်ဝန်ရှိကာ တံတားအရှည် ပေ (၃၂၀) နှင့် အကျယ် ပေ (၂၀) ကျယ်ဝန်းကြောင်း သိရသည်။

နမ့်ပန်ချောင်းကူးတံတားကို SSPP/SSA ဆောက်လုပ်ရေးဗဟိုဌာနအပါအဝင် အဖွဲ့သုံးဖွဲ့မှ တာဝန်ယူဆောက်လုပ်နေခြင်းဖြစ်ပြီး ကျပ်ငွေသိန်းပေါင်းတစ်သောင်း အကုန်အကျခံ တည်ဆောက်နေခြင်းဖြစ်ကာ မကြာခင်ပြီးဆုံးတော့မည်ဖြစ်ကြောင်း သိရှိရသည်။

#TachileikNewsAgency

Photo : SSPP Info