ကျိုင်းတုံမြို့တွင် စားသောက်ဆိုင်က အပြန် လမ်း၌ စကားများ ရန်ဖြစ်ပြီး  ဓါးဖြင့် ထိုးခံရမှုကြောင့်  ရဲတပ်ကြပ်ကြီး တစ်ဦး သေဆုံး

ကျိုင်းတုံမြို့တွင် စားသောက်ဆိုင်က အပြန် လမ်း၌ စကားများ ရန်ဖြစ်ပြီး  ဓါးဖြင့် ထိုးခံရမှုကြောင့်  ရဲတပ်ကြပ်ကြီး တစ်ဦး သေဆုံး

 ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ဆိုင်ကယ်စီးလာသည့် အဖွဲ့နှင့် ကားစီးလာသည့် အဖွဲ့တို့ အပြန်အလှန် စကားများရန်ဖြစ်ရာမှ ဓါးထိုးမှုဖြစ်ပွားခြင်းကြောင့် ရဲတပ်ကြပ်ကြီးတစ်ဦး သေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၂၀၂၄ခုနှစ် ဇွန်လ(၉)ရက်နေ့ ည(၁၂)နာရီ မထိုးမီအချိန်က  ကျိုင်းတုံမြို့ အမှတ်(၅)ရပ်ကွက်တွင်းရှိ ရွှေနဂါးစားသောက်ဆိုင် ကနေ ဇင်မျိုးထွန်း၊ မင်းဇော်ထွန်း နှင့် စိုင်းဝေထွန်းတို့ (၃)ဦးသည် ဆိုင်ကယ်(၂)စီးဖြင့် မောင်းကာ နေအိမ်ရှိရာ  ဝေါခုတ်ကျေးရွာသို့  ပြန်လာစဉ် လမ်း၌ Toyota Crown အဖြူရောင် အမျိုးအစား ကား နှင့် Toyota Wish ကားတို့သည်   ၎င်းတို့၏ အရှေ့တွင် ဖြတ်၍ ပိတ်ရပ်ကြောင်း သိရသည်။

ယင်းသို့ လျှပ်တပြတ် ပိတ်ရပ်မှုကြောင့် ဆိုင်ကယ်(၂)စီးစလုံးမှာ လဲကျသွားပြီးနောက် ကားပေါ်ကနေ အမျိုးသား(၃)ဦးဆင်းလာပြီး ထိုးကြိတ်ရိုက်နှက်ပြီးနောက် ဓါးဖြင့်ထိုးရာ မင်းဇော်ထွန်း ဆိုသူတွင် ဓါးဒဏ်ရာရရှိသွား၍ ဆေးရုံသို့ပို့ဆောင်စဉ် သေဆုံးသွားကြောင်း သိရသည်။

ဆိုင်ကယ်စီးလာသည့် (၃)ဦးအနက် တစ်ဦးမှာ သေဆုံးသွားပြီး ကျန်(၂)ဦးမှာ ဒဏ်ရာအချို့ရရှိသွားကြောင်းနှင့်  ဓါးနှင့်ထိုးသွားသည့် အဖွဲ့မှာလည်း  ထွက်ပြေးလွတ်မြောက် နေလျှက်ရှိကြောင်း သိရသည်။ 

သေဆုံးသွားသူမှာ နေပြည်တော်တွင် တာဝန်ကျနေသည့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် တပ်ကြပ်ကြီး မင်းဇော်ထွန်း ဖြစ်ပြီး ၎င်းသည် ကျိုင်းတုံသို့ ခွင့်ခေတ္တ ပြန်လာသူဖြစ်ကြောင်း သိရသည်။

"ညက ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဆိုင်ကယ်က ကားကို ကျော်တက်တော့ နှစ်ဖက်စလုံးက မူးနေပြီး စကားများ ရန်ဖြစ်တာလို့လည်း ပြောနေကြတယ်။ ဖြစ်စဉ် အတိအကျရယ်တော့ သေချာမသိဘူး။ သေချာတာကတော့ တရားခံတွေကို အခုထိ မိသံမကြားသေးဘူး"ဟု ကျိုင်းတုံဒေသခံ တစ်ဦးက Tachileik News Agency သို့ ဇွန်လ(၁၀)ရက်နေ့တွင် ပြောသည်။

ကျိုင်းတုံမြို့တွင် ၂၀၂၁ခုနှစ် မတိုင်မီက ခိုးဆိုးလုယက်မှုများနှင့် ယခုလို ခိုက်ရန်ဖြစ်ပွားမှုများ အလွန်နည်းပါးသော်လည်း ၂၀၂၁ အလွန် စစ်တပ်အာဏာသိမ်းထားသည့် နောက်ပိုင်းတွင် ခိုးဆိုးလုယက်မှုများမှာ တာချီလိတ်မြို့ကဲ့သို့ ဖြစ်ပွားလာနေကြောင်းလည်း သိရသည်။