မောင်တောမြို့ရှိ စစ်ကောင်စီတပ်စခန်း ၆ ခုကို ၉ ရက်အတွင်း AA သိမ်းပိုက်

မောင်တောမြို့ရှိ စစ်ကောင်စီတပ်စခန်း ၆ ခုကို ၉ ရက်အတွင်း AA သိမ်းပိုက်

ရခိုင်ပြည်နယ် မောင်တောမြို့ရှိ စစ်ကောင်စီတပ်စခန်း (၆)ခုကို (၉)ရက်အတွင်း သိမ်းပိုက်ပြီးဖြစ်ကြောင်း အာရက္ခတပ်တော် (AA)ထံမှ သိရသည်။

မောင်တောမြို့ရှိ စစ်ကောင်စီ၏ လက်ကျန်စခန်းများထဲမှ အချို့ကို ၂၀၂၄ခုနှစ် ဇွန်လ (၂)ရက်နေ့မှစတင်၍ အာရက္ခတပ်တော်က တစ်ပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သိမ်းဆည်းရရှိသည့် စခန်းများမှာ ဇွန်လ (၂)ရက်နေ့တွင် တာဝါတိုင်စခန်း၊ ဇွန်လ (၃)ရက်နေ့တွင် ကျောက်ပန္ဒူစခန်း၊ ဇွန်လ(၄) ရက်နေ့တွင် ခွဆုံပြင်စခန်းနှင့် မြင်းလွှတ်စခန်း၊ ဇွန်လ (၆)ရက်နေ့တွင် အင်းဒင်စခန်း (သို့မဟုတ်) နခခ (၆)စခန်း၊ ဇွန်လ(၇)ရက် နေ့တွင် နခခ (၉) စခန်းတို့အား သိမ်းပိုက်ရရှိပြီဟု ဆိုသည်။

စစ်ကောင်စီ၏ ဘူးသီးတောင်၊ မောင်တောရှိစခန်းများမှ လက်နက်များဖြင့် ထွက်ပြေးလွတ်မြောက်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား လိုက်လံရှင်းလင်းနေသည့်အပြင် လက်ကျန်စခန်းများဖြစ်သော နခခ(၄)၊ မောရဝတီ၊ အလယ်သံကျော်၊ နားခေါင်းတိုစခန်းများအပါအဝင် တခြားလက်ကျန်စခန်းများကိုလည်း ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်သွားမည်ဟု ဆိုသည်။

အဆိုပါစခန်းများမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် စောစီးစွာ လက်နက်ချအညံ့ခံပါက အသက်အန္တရာယ်ကင်းဝေးမည်ဖြစ်သည်ဟုလည်း အသိပေးထားသည်။

ဇွန်လ (၇)ရက်၊ ယနေ့တွင်လည်း သာယာကုန်းရွာပတ်ဝန်းကျင်၌ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး မောင်တောမြို့နယ်၊ မကျည်းကုန်းကျေးရွာအနီး တောင်ကုန်းနှစ်ကုန်းရှိ စစ်ကောင်စီ၏ စစ်စခန်းနှစ်ခုကိုလည်း ဇွန်လ (၇)ရက်နေ့ကစတင်၍ ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု သိရသည်။

နခခ (၂)၏ ကာကင်းစခန်းနှစ်ခုဖြစ်သော စခန်းနှစ်ခုအား လွန်ခဲ့သော နှစ်ရက်ကတည်းကပင် ဝိုင်းရံပိတ်ဆို့ထားပြီး ယနေ့တွင် အပြီးသတ် ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

စစ်ရှုံး စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မောင်တောမြို့ဘက်ရှိ သီဟိုဠ်ခြံနှင့် နခခ (၂)ဘက်သို့ ထွက်ပြေးသွားခဲ့ကြကာ တိုက်ပွဲအတွင်းမှ အလောင်းအချို့၊ လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

#TachileikNewsAgency