နိုဝင်ဘာလတွင် သန်းခေါင်စာရင်းကောက်မည်ဖြစ်ပြီး လုံခြုံမှုမရှိသည့်ဒေသများတွင် စစ်တပ်ခေါ်ကာ ကောက်ယူမည်ဟု စစ်ခေါင်းဆောင်ပြော

နိုဝင်ဘာလတွင် သန်းခေါင်စာရင်းကောက်မည်ဖြစ်ပြီး လုံခြုံမှုမရှိသည့်ဒေသများတွင် စစ်တပ်ခေါ်ကာ ကောက်ယူမည်ဟု စစ်ခေါင်းဆောင်ပြော

သန်းခေါင်စာရင်းကို ၂၀၂၄ခုနှစ် နိုဝင်ဘာလတွင် ကောက်ယူမည်ဖြစ်ပြီး လုံခြုံမှုမရှိသည့် ဒေသများတွင် စစ်တပ်ခေါ်ကာ သန်းခေါင်စာရင်းကောက်မည်ဖြစ်ကာ ရွေးကောက်ပွဲ မဖြစ် ဖြစ်အောင်လုပ်မည်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြော သည်။

ယနေ့ ၂၀၂၄ ခုနှစ် ဇွန်လ(၇)ရက်နေ့တွင်ပြုလုပ်သည့် စစ်ကောင်စီဝန်ကြီးများအစည်းအဝေးတွင် စစ်ခေါင်းဆောင်က ယင်းသို့ပြော ကြားလိုက်ခြင်းဖြစ်သည်။ 

ရွေးကောက်ပွဲပြုလုပ်ရန်အတွက် မဲစာရင်းမှန်ကန်မှုရှိစေရေး လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး 

အောင်မြင်စွာကောက်ယူနိုင်ရေးနှင့် စာရင်းကောက်ယူရာတွင် တွေ့ ကြုံရသည့် အခက်အခဲများကို ကြိုတင်ပြင်ဆင်သွားရမည်ဟု စစ်ခေါင်းဆောင်က ဆိုသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သန်းခေါင်စာရင်းကောက်ယူပြီးမှသာ လူဦးရေစာရင်းထွက်လာမည်ဖြစ်ကာ မဲစာရင်းများပြုစုနိုင်မည်ဖြစ်ကြောင်း၊ သန်းခေါင်းစာရင်းများ အပြည့်အဝကောက်ယူနိုင်မှသာ မှန်ကန်သည့် မဲစာရင်းများရရှိနိုင်မည်ဖြစ်ပြီး ရွေးကောက်ပွဲကို မှန်ကန်စွာ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

မြေပြင်ကွင်းဆင်းကောက်ယူရန် ခက်ခဲသည့်နေရာများတွင်လည်း မြေပြင်တွင်ရှိသည့် စာရင်းများနှင့် အတတ်နိုင်ဆုံး အနီးစပ်ဆုံးစာရင်းကိုက်ညီမှုရရှိရန် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ တနိုင်ငံလုံးအတိုင်းအတာဖြင့် မြေပြင်ရှိစာရင်းကို ဦးစားပေးကောက် ယူသွားမည်ဖြစ်ကာ ကောက်ယူ၍ရသည့် မြို့၊ ရွာများကို ဦးစွာ ကောက်ယူပြီး ဆက်စပ်မြို့နယ်များကို လုံခြုံရေးရယူ ကောက်ယူသွားမည်ဖြစ်သည်ဟု ပြောသည်။

ထို့နောက် ရွေးကောက်ပွဲကို ၂၀၀၈ ဖွဲ့စည်းပုံအတိုင်း ပြုလုပ်သွားမည်ဖြစ်ကာ ရွေးကောက်ပွဲကို မဖြစ် ဖြစ်အောင် လုပ်သွားမည်ဟု ပြောသည်။ 

သန်းခေါင်းစာရင်းကို ဆရာ၊ ဆရာမအင်အား (၄၂၀၀၀)အသုံးပြုပြီး နိုင်ဝင်ဘာလ (၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ ကောက်ယူရန် စီစဉ်နေခြင်းဖြစ်သည်ဟု သိရသည်။

ကောက်ယူရာတွင် CAPI စနစ်ထည့်သွင်းထားသည့် Mobile Tablet များနှင့် တစ်အိမ်တက်ဆင်း ကောက်ယူသွားရန်စီစဉ်နေသည်ဟု သိရသည်။

လက်ရှိတွင် စစ်ကောင်စီနှင့် တော်လှန်ရေးတပ်များသည် တနိုင်ငံလုံးအနှံ့ တိုက်ပွဲဖြစ်ပွားနေပြီး တော်လှန်ရေးအင်အားစုများက မြို့ပေါင်း(၄၀)ကျော်ကို သိမ်းပိုက်ထားပြီးဖြစ်သည်။

#TachileikNewsAgency