RCSS က SSPP တပ်များကို ၆ ကြိမ် မိုင်းဆွဲ၍ ခြုံခိုတိုက်ခိုက်ခဲ့ဟု SSPP ထုတ်ပြန်

RCSS က SSPP တပ်များကို ၆ ကြိမ် မိုင်းဆွဲ၍ ခြုံခိုတိုက်ခိုက်ခဲ့ဟု SSPP ထုတ်ပြန်

ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်း ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော်(SSPP/SSA)တပ်ဖွဲ့ကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)က မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ခြုံခိုတိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့သည်ဟု SSPP၏ ယနေ့ ၂၀၂၄ ခုနှစ် မေလ (၂၆)ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သည့် မတ်လ(၃၁)ရက်နေ့  SSPP တပ်ဖွဲ့မှ ရပ်စောက်မြို့နယ်အတွင်းရှိ တပ်စခန်းများကို ကွင်းဆင်းစစ်ဆေးနေချိန် ကျောက်တန်းကျေးရွာအတက် လိမ္မော်ခြံကျေးရွာအနီး နမ့်ပွန် တံတားအရှေ့ဘက် တစ်နေရာတွင် RCSS တပ်ဖွဲ့ အင်အား(၃)ဦး လမ်းပြအဖြစ် ဒေသခံပြည်သူ (၂)ဦး စုစုပေါင်း (၅)ဦးတို့က မိုင်းဆွဲတိုက်ခိုက်ရာ SSPP တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးပြီး (၂)ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

SSPP တပ်ဖွဲ့ကို RCSSက မိုင်းဆွဲတိုက်ခိုက်ခဲ့သည့်ကိစ္စနှင့်ပတ်သက်ပြီး SSPP ဗဟိုဌာနချုပ် အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီးစိုင်းစုမှ RCSS ၏ ဗဟိုဆက်ဆံရေးတာဝန်ခံ ဗိုလ်မှူးကြီးထံ အချက်(၃) ချက်ဖြင့် ညှိနှိုင်းတောင်းဆိုခဲ့သည်ဟု ဆိုသည်။

အဆိုပါအချက်များမှာ SSPP တပ်ဖွဲ့ကို မိုင်းဆွဲ တိုက်ခိုက်ခဲ့သည့် RCSS ရဲဘော်(၃) ဦးအား SSPP ထံ လွှဲပြောင်း အပ်နှံပေးရန်၊ 

ပြစ်မှုကျူးလွန်သူ (၃)ဦးကို SSPPထံ မလွဲအပ်နိုင်ပါက RCSS အနေဖြင့် မိုင်းပွန်-ဟိုပုံး ကားလမ်းမကြီး၏ မြောက်ဘက်အရပ်မှ တောင်ဘက်အရပ်သို့ ရွှေ့ပြောင်းပေးရန်နှင့် ပြစ်မူကျူးလွန်သူကို SSPP ထံ မလွဲအပ်နိုင်ဘဲ မိုင်းပွန်-ဟိုပုံး ကားလမ်းအရှေ့ဘက်ကိုပါ မရွှေ့ပေးနိုင်ခဲ့လျှင် SSPP အနေဖြင့် မိုင်းဆွဲတိုက်ခိုက်ခြင်းခံခဲ့ရသည့် ရပ်စောက်-အင်တော နယ်မြေအတွင်း နယ်မြေရှင်းလင်းရေး လုပ်ဆောင်သွားမည်ဖြစ်သည်ဟု ပေးပို့ခဲ့ကြောင်း သိရသည်။

အဆိုပါ ညှိနှိုင်းတောင်းဆိုမူနှင့် ပတ်သက်ပြီး RCSS ဘက်က တစ်စုံတစ်ရာ တုံပြန်ခြင်းမရှိဟုလည်း ဆိုသည်။

ပြီးခဲ့သည့် မေလ(၁၅)ရက်နေ့ကလည်း SSPP စစ်ကြောင်းများသည် ရပ်စောက်မြို့နယ် ကျိုင်းခမ်းလုံကျေးရွာအုပ်စု ရေမောင်းကျေးရွာ မီလယ်ကျော်ကျေးရွာ-နားစံကျေးရွာအထိ တောထဲမဝင်ဘဲ ကားလမ်းမကြီးအတိုင်း သွားလာလှုပ်ရှားရန်ရှိသည့်အတွက်ကြောင့် RCSS ၏ နယ်မြေတာဝန်ခံနှင့် ဗဟိုဆက်ဆံရေးတာဝန်ခံများထံ ကြိုတင်အကြောင်းကြား အသိပေးထားခဲ့ပြီး မေလ(၁၇)ရက်နေ့တွင် SSPP စစ်ကြောင်းမှ နားစံကျေးရွာ အနောက်ဘက်သို့ ကားဖြင့် ထွက်ခွာချိန် RCSS ရဲဘော်အင်အား (၁၀)ဦးခန့်က ခြုံခိုပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် SSPPရဲဘော် (၁) ဦး ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။

မေလ(၁၉)ရက်နေ့တွင်လည်း ရေမောင်းကျေးရွာအနီး ရေချိုးသွားသည့် SSPPတပ်ဖွဲဝင်များကို RCSS တပ်ဖွဲ့မှ နောက်တစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး မေလ(၂၀)ရက်နေ့တွင် ရေမောင်းကျေးရွာအနီး နောင်ယာဆိုင်းတံတား၌ RCSSတပ်ဖွဲ့မှ နောက်ထပ် နှစ်ကြိမ် SSPP ၏ စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

မေလ(၂၅)ရက်နေ့က ရပ်စောက်မြို့နယ် နားလုံကျေးရွာတွင် လှုပ်ရှားနေသည့် SSPP စစ်ကြောင်း ကို RCSS အင်အား (၁၀)ဦး ဝန်းကျင်ခန့်က မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ပြီးခဲ့သည့် မေလ(၁၇)ရက်နေ့တွင် RCSS ပိုင် Tai Freedom သတင်းစာမျက်နှာမှ ရှမ်းဘာသာဖြင့် "ရပ်စောက်မြို့နယ်မှာ SSPP နှင့် UWSA အပါ စစ်ကောင်စီတို့ ပူးပေါင်းပြီး RCSSကို ထိုးစစ်ဆင် တိုက်ခိုက်သဖြင့် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားရ" ဆိုသည့် သတင်းခေါင်းစဉ်ဖြင့် ရေးသားဖော်ပြခဲ့သည်မှာ လုံးဝမှန်ကန်မူမရှိဟုလည်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo: SSPP Info