ဘန်ကောက်မြို့တွင် နေထိုင်ပြီး ဧည့်လမ်းညွှန်လုပ်နေသည့် တရုတ်လူလိမ်ကို ဖမ်းဆီးရမိ

ဘန်ကောက်မြို့တွင် နေထိုင်ပြီး ဧည့်လမ်းညွှန်လုပ်နေသည့် တရုတ်လူလိမ်ကို ဖမ်းဆီးရမိ
By Mr John

တရုတ်နိုင်ငံကနေ  ယွမ် (၂) သန်း လိမ်လည်ပြီး ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်လာသူ တရုတ်အမျိုးသားတစ်ဦးကို ဘန်ကောက်မြို့တွင် ဖမ်းဆီးရမိကြောင်း သိရသည်။

ထိုတရုတ်အမျိုးသားကို တရားမဝင် အလုပ် လုပ်ကိုင်မှုနှင့် ဗီဇာသက်တမ်း ကျော်လွန်နေထိုင်မှုတို့ဖြင့် ဖမ်းဆီးလိုက်သည်။ 

၎င်း၏ အမည်ကို မင် (Ming) ဟုသာ သိထားရသည့် အသက် (၄၂) နှစ်အရွယ် တရုတ်အမျိုးသားကို ဘန်ကောက်မြို့ Chatuchak ခရိုင် Ratchadaphisek လမ်းမပေါ်ရှိ ဟိုတယ်တစ်ခု၏ ဧည့်ခန်းမတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း အကြီးတန်း လူဝင်မှုကြီးကြပ်ရေး အရာရှိများက ၂၀၂၄ ခုနှစ် မေလ (၂၄) ရက်နေ့တွင် ပြောသည်။

တရုတ်နိုင်ငံသား ဖြစ်ပုံရသည့် နိုင်ငံခြားသားတစ်ဦးက ဘန်ကောက်မြို့တွင် တရားမဝင် နေထိုင်ပြီး အလုပ် လုပ်ကိုင်နေသည်ဟု သံသယရှိကြောင်း သတင်းပေးမှုကို လူဝင်မှုကြီးကြပ်ရေးဌာနက လက်ခံရရှိပြီးနောက် တရုတ်အမျိုးသားကို ဖမ်းဆီးရမိခြင်း ဖြစ်သည်။ 

အဆိုပါ သံသယရှိသူ တရုတ်အမျိုးသားသည်  Ramkhamhaeng ဧရိယာရှိ ကွန်ဒိုတိုက်ခန်းတစ်ခုတွင် နေထိုင်ခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေး အရာရှိများက ဖော်ထုတ်သိရှိခဲ့သည်။

၎င်းက ခရီးသွားကုမ္ပဏီများထံမှ ဝန်ဆောင်မှု မရယူလိုသော တရုတ်ခရီးသွားများကို ဧည့်လမ်းညွှန် ဝန်ဆောင်မှုပေးခြင်းဖြင့် ဝင်ငွေရရှိနေကြောင်း လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့က ပြောသည်။ 

ဖမ်းဆီးရေးအဖွဲ့က တရုတ်လူလိမ် မင်ကို ခြေရာခံလိုက်ခဲ့ပြီး Ratchadaphisek ဧရိယာရှိ ဟိုတယ်တစ်ခုတွင် တရုတ်ခရီးသွားအချို့ တည်းခိုရန် ကူညီပေးနေစဥ် ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။

အရာရှိများက ၎င်း၏ စာရွက်စာတမ်းများကို တောင်းယူစစ်ဆေးခဲ့ရာ ၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ (၃) ရက်နေ့ကတည်းက ဗီဇာသက်တမ်း ကုန်နေပြီဖြစ်ကြောင်း တွေ့ရသည်။ 

၎င်းကို စွဲချက်တင်ပြီး ဥပဒေအရ အရေးယူရန် ထိန်းသိမ်းထားစဉ် လူဝင်မှုကြီးကြပ်ရေးဌာနက တရုတ်အာဏာပိုင်များထံမှ ရရှိသော သတင်းအချက်အလက်အရ Ming ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်း တရုတ်နိုင်ငံတွင် ကျူးလွန်ခဲ့သော လိမ်လည်မှုအတွက် အလိုရှိနေခဲ့ကြောင်းလည်း သိရသည်။ 

အဆိုပါ တရုတ်အမျိုးသားသည် တရုတ်နိုင်ငံတွင် ၎င်းမှာ ဝိုင် ကုမ္ပဏီတစ်ခုမှ အရောင်းမန်နေဂျာဟု ပြောဆိုကာ ၎င်းက လက်လီအရောင်းဆိုင်များကို ရှားပါးဝိုင်အရက်များအား (၁၀) ရာခိုင်နှုန်း လျှော့ဈေးဖြင့် ရောင်းပေးမည်ဟု ကမ်းလှမ်းပြီး ငွေကြေး လိမ်လည်ခြင်း ဖြစ်ကြောင်း သိရသည်။ 

Ming က လက်လီအရောင်းဆိုင်များထံမှ ငွေများ လက်ခံရရှိခဲ့သော်လည်း မည်သည့် ဝိုင်အရက်ကိုမှ ပေးသွင်းခဲ့ခြင်း မရှိကြောင်း နှင့်  Ming လိမ်လည်ခဲ့သူများမှာ ဘတ် (၁၀) သန်းနှင့် ညီမျှသော တရုတ်ယွမ်ငွေ (၂) သန်း ဆုံးရှုံးနစ်နာခဲ့ကြကြောင်း လူဝင်မှုကြီးကြပ်ရေး အရာရှိများက ဆိုသည်။

 

Source: Bangkok Post