ဂျပန်နိုင်ငံတွင် မိုးရာသီကုန်ဆုံးပြီးနောက် အပူချိန်များ မြင့်တက်နေရာ လျှပ်စစ်ဓာတ်အားသုံးစွဲမှု မျှော်လင့်ထားသည်ထက် ပိုများလာမည့် အခြေအနေကို အာဏာပိုင်များက သတိပေးထားသည်။
ဂျပန်တွင် အပူချိန်ပြင်းထန်နေရာ ဇွန်လ (၂၇) ရက်နေ့ နံနက်ပိုင်းကတည်းက ဓာတ်အားသုံးစွဲမှုမှာ ယမန်နေ့က ခန့်မှန်းထားမှုထက် ပိုမိုနေခဲ့ကြောင်း စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန အရာရှိတစ်ဦးက သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။ ဓာတ်အားလိုအပ်ချက်မှာ ခန့်မှန်းထားမှုများထက် ကျော်လွန်ခဲ့သည်ဟု ၎င်းကဆိုသည်။
ဇွန်လ (၂၈) ရက်နေ့တွင်လည်း ဓာတ်အားသုံးစွဲမှုများ အလားတူဖြစ်နေမည်ဟု မျော်မှန်းထားကြောင်း ဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ဇွန်လ (၂၇) ရက် ဒေသစံတော်ချိန် ညနေ (၄) နာရီအချိန်က တိုကျိုမြို့လယ်တွင် အပူချိန် (၃၅.၁) ဒီဂရီဆဲလ်စီးယပ် ဖြစ်ခဲ့ပြီး နိုင်ငံမြောက်ပိုင်း အနည်းငယ်ပိုရောက်သည့် ဆာနိုမြို့တွင် အပူချိန် (၃၉.၈) ဒီဂရီဆဲလ်စီးယပ်သို့ မြင့်တက်ခဲ့ကြောင်း သိရသည်။
အပူချိန်များ နောက်ထပ် မြင့်တက်လာပြီး ဓာတ်အားထုတ်လုပ်မှုနှင့် သုံးစွဲမှု မမျှပါက ရုတ်တရက် လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ဖြစ်ပေါ်နိုင်ကြောင်း တာဝန်ရှိသူတွေက သတိပေးထားသည်။
"ဓာတ်အားသုံးစွဲမှုကို ထိုက်သင့်သလောက် လျှော့ချကြဖို့ ပြည်သူတွေကို ကျွန်တော်တို့ တိုက်တွန်းပါတယ်"ဟု ဂျပန်အစိုးရအဖွဲ့ အတွင်းရေးမှူး Yoshihiko Isozaki က သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။
၎င်းက အသုံးမပြုသည့်မီးများ ပိတ်ထားရန်၊ လေအေးပေးစက်အသုံးပြုမှု ကန့်သတ်ရန်နှင့် အပူရှပ်ခြင်း အန္တရယ်ကို သတိပြုရန် ၎င်းက အကြံပြုခဲ့သည်။
တိုကျိုမြို့ခံများက အစိုးရ၏ အကြံပြု တိုက်တွန်းမှုများကို အကောင်းဆုံး လိုက်နာဆောင်ရွက်နေကြောင်း ပြောခဲ့ကြသော်လည်း အချို့ကမူ မေးခွန်းထုတ် တုံ့ပြန်ခဲ့ကြသည်။
"အစိုးရပြောတာကို နားမလည်တာ မဟုတ်ဘူး။ ဒါပေမဲ့ သူတို့က လျှပ်စစ်ဓာတ်အား ချွေတာစေချင်ပြီးတော့ လေအေးပေးစက်တွေ ဆက်သုံးစေချင်တယ်ဆိုတာက လွဲနေတယ်လေ" ဟု အသက် (၆၁) နှစ်အရွယ် Kenichi Nagasaka က ပြောသည်။
မိုးလေဝသဌာန အရာရှိများ၏ အဆိုအရ ယခုနှစ်တွင် တိုကျိုမြို့တော်ဧရိယာ အပါအဝင် ဂျပန်နိုင်ငံတဝန်း နေရာအတော်များများတွင် မိုးရာသီကုန်ဆုံးမှုမှာ ၁၉၅၁ ခုနှစ်နောက်ပိုင်း အစောဆုံးဖြစ်ခဲ့ကြောင်း သိရသည်။
ဂျပန်တွင် မိုးရာသီကုန်ဆုံးမှုနှင့်အတူ နွေရာသီအပူချိန်ကို စတင်ကြုံတွေ့ကြရပြီး သီတင်းပတ်ကုန်ရက်များအတွင်း သေဆုံးမှု (၂) ခုမှာ အပူဒဏ်ကြောင့်ဖြစ်ကြောင်း သံသယရှိကြသည်။
သေဆုံးခဲ့သူ (၂) ဦးအနက် အသက် (၄၀) နှစ်အရွယ် အမျိုးသားမှာ နေအိမ်ပြင်ပ သွားလာနေစဥ် လဲကျသေဆုံးခဲ့သည်ဟု ဆိုသည်။
ဂျပန်နိုင်ငံတွင် ၂၀၁၈ ခုနှစ်က ဇွန်လ (၂၉) ရက် မိုးရာသီကုန်ဆုံးချိန် အလွန်အမင်း ပူပြင်းသည့် နွေရာသီကို ကြုံခဲ့ရပြီး အပူလှိုင်းများကြောင့် လူဦးရေ ထောင်နှင့်ချီ ဆေးရုံရောက်ခဲ့ကြသည်။
Source: Reuters