မြန်မာနိုင်ငံပေါ်မှ ဖြတ်၍ ပျံသန်းနေစဥ် လေထု မငြိမ်မသက်မှု ကြုံခဲ့သည့် စင်ကာပူလေယာဥ်မှ ခရီးသည်များအနက် (၄၈) ဦး ဆေးကုမှု ခံယူနေရဆဲ

Photo: The Straits Times
Photo: The Straits Times
မြန်မာနိုင်ငံပေါ်မှ ဖြတ်၍ ပျံသန်းနေစဥ် လေထု မငြိမ်မသက်မှု ကြုံခဲ့သည့် စင်ကာပူလေယာဥ်မှ ခရီးသည်များအနက် (၄၈) ဦး ဆေးကုမှု ခံယူနေရဆဲ
By Mr John

မြန်မာနိုင်ငံပေါ်မှဖြတ်၍ ပျံသန်းနေစဥ် ရုတ်တရက် ပြင်းထန်သော လေထု မငြိမ်သက်မှု ကြုံခဲ့ပြီးနောက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ လမ်းကြောင်းပြောင်း ဆင်းသက်ခဲ့ရသည့် စင်ကာပူလေကြောင်းလိုင်း (Singapore Airline)၏ လေယာဥ်ပေါ်တွင် လိုက်ပါလာသူများအနက် ထိခိုက်ဒဏ်ရာရသူ (၄၈) ဦးမှာ ဆေးရုံများတွင် ဆေးကုသမှု ခံယူနေရဆဲဖြစ်ကြောင်း ထိုင်းအစိုးရတာဝန်ရှိသူများက ၂၀၂၄ ခုနှစ် မေလ (၂၄) ရက်နေ့တွင် ပြောသည်။

ဘန်ကောက်မြို့ရှိ ဆေးရုံ (၃) ခုတွင် လူနာ (၄၈) ဦးကို ကုသပေးနေကြောင်း Samitivej Srinakarin ဆေးရုံမှ ထုတ်ပြန်ချက်က ဖော်ပြသည်။ 

အထူးကြပ်မတ်ကုသဆောင်တွင် ဆေးကုသမှု ခံယူနေရသော လူနာများနှင့် ပတ်သက်၍ နောက်ဆုံး အခြေအနေကိုမူ ဖော်ပြမထားဟု ဆိုသည်။ 

Samitivej Srinakarin ဆေးရုံ ဒါရိုက်တာက ၂၀၂၄ ခုနှစ် မေလ (၂၃) ရက်နေ့တွင် သတင်းထောက်များကို ပြောကြားမှုအရ အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေ မဟုတ်သော်လည်း အထူးကြပ်မတ်ကုသဆောင် (ICU) ၌ လူနာ (၂၀) ဦး ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

စင်ကာပူလေကြောင်းလိုင်း လေယာဥ်မှ လူနာအများစုကို Samitivej Srinakarin ဆေးရုံသို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။ 

ထိုဆေးရုံမှ လူနာ (၆) ဦး ဆေးရုံဆင်းသွားပြီဖြစ်ပြီး ဩစတြေးလျနိုင်ငံသား (၉) ဦး၊ ဗြိတိန်နိုင်ငံသား (၇) ဦး၊ မလေးရှားနိုင်ငံသား (၇) ဦးနှင့် ဖိလစ်ပိုင်နိုင်ငံသား (၃) ဦး အပါအဝင် လူနာ (၃၄) ဦးမှာ ဆေးကုသမှု ခံယူနေရဆဲဖြစ်ကြောင်း ဆေးရုံထုတ်ပြန်ချက်က ဆိုသည်။

၂၀၂၄ ခုနှစ် မေလ (၂၁) ရက်နေ့က လန်ဒန်မှ စင်ကာပူသို့ ပျံသန်းသည့် စင်ကာပူလေကြောင်းလိုင်း၏ Flight SQ321  လေယာဥ်မှာ မြန်မာနိုင်ငံ၏အထက် ကောင်းကင်ယံတွင် ရုတ်တရက် ပြင်းထန်သော လေထုမငြိမ်သက်မှု ကြုံခဲ့ရာ ခရီးသည်တစ်ဦး သေဆုံးပြီး အခြား ခရီးသည် ဒါဇင်နှင့်ချီ ထိခိုက်ဒဏ်ရာရခဲ့ကြသည်။ 

သေဆုံးသူမှာ အသက် (၇၃) နှစ်အရွယ် ဗြိတိန်နိုင်ငံသား အမျိုးသားဖြစ်ပြီး နှလုံးရောဂါကြောင့် သေဆုံးကြောင်း ယူဆထားသည်။

စင်ကာပူလေကြောင်းလိုင်း၏ Flight SQ321 လေယာဥ်ပေါ်တွင် ခရီးသည် (၂၁၁) ဦးနှင့် လေယာဥ်အမှုထမ်း (၁၈) ဦး လိုက်ပါလာခဲ့သည်။ 

ခရီးသည်များတွင် ဩစတြေးလျမှ (၅၆) ဦး၊ ကနေဒါမှ (၂) ဦး၊ ဂျာမနီမှ (၁) ဦး၊ အိန္ဒိယမှ (၃) ဦး၊ အိုက်စလန်မှ (၁) ဦး၊ အိုင်ယာလန်မှ (၂) ဦး၊ အစ္စရေးမှ (၁) ဦး၊ မလေးရှားမှ (၁၆) ဦး၊ မြန်မာမှ (၂) ဦး၊ နယူးဇီလန်မှ (၂၃) ဦး၊ ဖိလစ်ပိုင်မှ (၅) ဦး၊ စင်ကာပူမှ (၄၁) ဦး၊ တောင်ကိုရီးယားမှ (၁) ဦး၊ စပိန်မှ (၂) ဦး၊ ဗြိတိန်မှ (၄၇) ဦးနှင့် အမေရိကန်မှ (၄) ဦး ပါဝင်သည်။

Samitivej Srinakarin ဆေးရုံ၏ ၂၀၂၄ ခုနှစ် မေလ (၂၂) ရက်နေ့ ထုတ်ပြန်ချက်အရ အထူးကြပ်မတ်ကုသဆောင်တွင် ဆေးကုမှု ခံယူနေရသူများတွင် ဩစတြေးလျနိုင်ငံသား (၃) ဦး၊ ဗြိတိန်နိုင်ငံသား (၆) ဦး၊ တရုတ် (၁) ဦး၊ ဖိလစ်ပိုင် (၁) ဦး၊ မလေးရှား (၆) ဦး၊ နယူးဇီလန်နိုင်ငံသား (၁) ဦးနှင့် စင်ကာပူနိုင်ငံသား (၁) ဦးတို့ ပါဝင်ကြောင်း သိရသည်။

နောက်ထပ် လူနာ (၃၈) ဦးကို Samitivej Srinakarin ဆေးရုံ၊ Samitivej Sukhumvit ဆေးရုံ နှင့် Bangkok ဆေးရုံတို့တွင် ကုသပေးခဲ့ပြီး ၎င်းတို့မှာ အမေရိကန် (၁) ဦး၊ ဩစတြေးလျ (၉) ဦး၊ ဗြိတိန် (၉) ဦး၊ ဖိလစ်ပိုင် (၅) ဦး၊ အိန္ဒိယ (၁) ဦး၊ အိုင်ယာလန် (၁) ဦး၊ တောင်ကိုရီးယား (၁) ဦး၊ မလေးရှား (၃) ဦး၊ နယူးဇီလန် (၂) ဦး၊ မြန်မာ (၁) ဦး၊ စပိန် (၁) ဦးနှင့် စင်ကာပူ (၃) ဦးတို့ ဖြစ်သည်။

စင်ကာပူလေယာဥ် ဖြစ်စဥ်မှ ထိခိုက်ဒဏ်ရာရသူ ခရီးသည် (၇၉) ဦးနှင့် လေယာဥ်အမှုထမ်း (၆) ဦး အပါအဝင် စုစုပေါင်း လူ (၇၉) ဦးကို ဘန်ကောက်မြို့ရှိ ဆေးရုံ (၃) ခုတွင် ဆေးကုသပေးခဲ့သည်။ 

ထိုင်းအစိုးရတာဝန်ရှိသူများ၏ ၂၀၂၄ ခုနှစ် မေလ (၂၄) ရက်နေ့ ထုတ်ပြန်ချက်အရ အထူးကြပ်မတ်ကုသဆောင်တွင် ဆေးကုသမှု ခံယူနေရသူများ အပါအဝင် လူနာ (၄၈) ဦးမှာ ဘန်ကောက်မြို့ရှိ ဆေးရုံများတွင် ဆေးကုသမှု ခံယူနေရဆဲဖြစ်ကြောင်း သိရသည်။

 

Source: Bangkok Post

Photo: The Straits Times, AA, CJ