အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ်တွင် စွန်လွှတ်ပွဲတော်အတွင်း လည်ပင်းကို စွန်ကြိုးပြတ်ရှမှုကြောင့် ကလေး (၃) ဦး အပါအဝင် လူ (၆) ဦး သေဆုံးခဲ့ကြောင်း ပြည်တွင်းမီဒီယာက ဖော်ပြသည်။
ဂူဂျာရတ်ပြည်နယ်တွင် ၂၀၂၃ခုနှစ် ဇန်နဝါရီလ (၁၄) ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံတာစွန်လွှတ်ပွဲတော် International Kite Festival အတွင်း လူအုပ်စုကြီး စုဝေးရှိနေစဥ် စွန်ကြိုးပြတ်ရှသည့် မတော်တဆမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
စွန်လွှတ်ပွဲတော်တွင် ပါဝင်ကြသူများက ၎င်းတို့၏ စွန်ကြိုးများကို ဓားသွားကဲ့သို့ ထက်နေစေရန် ပုလင်းကွဲနှင့်မှန်စများကို ထုထောင်းပြီး ကော်ဖြင့် လူးကာ ဖန်တီးအသုံးပြုကြသည်ဟု အစိုးရအရာရှိများက ပြောသည်။
မှန်ကွဲစအမှုန်များသုံးပြီး မှန်စာတိုက်ထားသော စွန်ကြိုးများက လူသေဆုံးသည့် မတော်တဆမှုများ ဖြစ်ပွားရသည့် အဓိက အကြောင်းရင်းဖြစ်သည်ဟု ဆိုသည်။
ထိုကဲ့သို့သော စွန်ကြိုးများကို အသုံးမပြုရန် တားမြစ်ပိတ်ပင်ထားသော်လည်း မှန်စာတိုက်ပြီးသား အသင့်သုံးနိုင်သည့် စွန်ကြိုးများကို ဝယ်ယူရရှိနိုင်နေဆဲ ဖြစ်သည်။
မှန်စာတိုက်ထားသည့် စွန်ကြိုးများက လည်ပင်းနေရာကို ပြတ်ရှမိခြင်းကြောင့် ပြင်းထန်သည့် ဒဏ်ရာများဖြစ်စေပြီး အချို့ဖြစ်ရပ်များတွင် သေဆုံးမှုများ ဖြစ်စေကြောင်း PTI (Press Trust of India) သတင်းဌာနက ပြောသည်။
ဂူဂျာရတ်ပြည်နယ်တွင် ကျင်းပပြုလုပ်သည့် ယခုနှစ် နိုင်ငံတကာစွန်လွှတ်ပွဲတော်အတွင်း လည်ပင်းကို စွန်ကြိုးပြတ်ရှပြီး သေဆုံးခဲ့သူများအနက် အသက်အငယ်ဆုံးအဖြစ် (၂) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပါဝင်ခဲ့ကြောင်း သိရသည်။
ထိုကလေးငယ်မှာ Bhavnagar မြို့တွင် ဖခင်နှင့်အတူ ဆိုင်ကယ်စီးသွားလာနေစဥ် သူမ၏ လည်ပင်းကို စွန်ကြိုးပြတ်ရှမှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်သည်။
မိန်းကလေးငယ်မှာ ဇန်နဝါရီလ (၁၅) ရက်နေ့က ဆေးရုံတွင် သေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
စွန်ကြိုးပြတ်ရှသည့် မတော်တဆမှု အများစုမှာလည်း ဆိုင်ကယ်စီးသူများနှင့် ၎င်းတို့၏အတူ လိုက်ပါလာလာသူများဖြစ်ကြောင်းလည်း သိရသည်။
အခြား ဖြစ်ရပ်တစ်ခုတွင် ဇန်နဝါရီလ (၁၄) ရက်နေ့က Visnagar မြို့၌ အသက် (၃) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးမှာ သူမ၏ မိခင်နှင့်အတူ လမ်းလျှောက်လာစဥ် လည်ပင်းကို စွန်ကြိုးပြတ်ရှခဲ့ပြီးနောက် အနီးအနားရှိ ဆေးရုံတစ်ရုံသို့ ရောက်ရှိစဥ် သေဆုံးသွားခဲ့ကြောင်း PTI က ဖော်ပြသည်။
ထို့အတူ အသက် (၇) နှစ်အရွယ် ယောက်ျားလေးတစ်ဦးလည်း မိဘများနှင့်အတူ ဆိုင်ကယ်စီးလာစဥ် လည်ပင်းကို စွန်ကြိုးပြတ်ရှ သေဆုံးခဲ့သည်။
နောက်ထပ် အမျိုးသား (၂) ဦးလည်း ဆိုင်ကယ်စီးလာစဥ် အလားတူ ဖြစ်ရပ်ကြောင့် သေဆုံးခဲ့ကြောင်း သိရသည်။
Source: CNA
Photo: GETTY IMAGES,