သံတွဲမြို့တွင် တိုက်ပွဲပြင်းထန်နေပြီး လေကြောင်းမှ စစ်ကောင်စီ ဗုံးကြဲနေ

သံတွဲမြို့တွင် တိုက်ပွဲပြင်းထန်နေပြီး လေကြောင်းမှ စစ်ကောင်စီ ဗုံးကြဲနေ

ရခိုင်ပြည်နယ် သံတွဲမြို့ ရွှေလှေတိုက်နယ်အတွင်း ယနေ့ ၂၀၂၄ ခုနှစ် မေလ (၂၄)ရက်နေ့  ည(၁၀)နာရီကျော်ကစတင်ပြီး တိုက်ပွဲပြင်းထန်နေကာ စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲနေကြောင်း သိရသည်။

ရွှေလှေတိုက်နယ်အတွင်း တိုက်ပွဲပြင်းထန်နေသဖြင့် စစ်ကောင်စီတပ်က မြို့အဝင် ဘားတောင်မှ လက်နက်ကြီးနှင့် ဆက်တိုက်ပစ်ခတ်နေကာ လေယာဉ်ဖြင့်လည်း လာရောက်ဗုံးကြဲနေကြောင်း သိရသည်။

"စစ်ကားလိုက်သွားတယ်။ စစ်ကူလိုက်သွားကြတာပေါ့။ ပထမဆုံး ဆိုင်ကယ်နဲ့ (၁၀)စီးလောက်ရှိမယ်။ နောက်ပြီး‌တော့ ကားတစ်စီးပါတယ်။ လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်နေတာ။ လေယာဉ်နဲ့လည်း လာဗုံးကြဲနေတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။

သံတွဲတွင် မုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းနေသော်လည်း တိုက်ပွဲပြင်းထန်နေခြင်းကြောင့် စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုနေခြင်းဖြစ်ကြောင်း သိရသည်။

"လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်နေတာပဲ။ ညဖက်ဆိုတော့ ဘယ်ကို ပစ်နေတယ်မသိရဘူး။ လေယာဉ်နဲ့ပါလာပစ်နေတာ။ မိုးရွာနေတာကို လေကြောင်းနဲ့ လာပစ်နေနိုင်သေးတာဗျာ။ သံတွဲမြို့ပေါ်က ဖြတ်ပျံသွားတာ ပြန်လာသံတော့ မကြားသေးဘူး။"ဟု ဒေသခံတစ်ဦးက ပြောသည်။

တိုက်ပွဲအခြေအနေအသေးစိတ်ကိုမူ Tachileik News Agency အနေဖြင့် ထပ်မံစုံစမ်းနေဆဲဖြစ်သည်။

#TachileikNewsAgency