သူဌေးချောင်းရေအားလျှပ်စစ်တွင်တိုက်ပွဲဖြစ်ပြီး အနီးရှိရွာအတွင်း လက်နက်ကြီးကျကာ ဒေသခံများ သေဆုံးဒဏ်ရာရ

သူဌေးချောင်းရေအားလျှပ်စစ်တွင်တိုက်ပွဲဖြစ်ပြီး အနီးရှိရွာအတွင်း လက်နက်ကြီးကျကာ ဒေသခံများ သေဆုံးဒဏ်ရာရ

ရခိုင်ပြည်နယ် သံတွဲမြို့ရှိ သူဌေးချောင်းရေအားလျှပ်စစ်အနီးတွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်(AA)တို့ ၂၀၂၄ ခုနှစ် မေလ(၂၂)ရက်နေ့က တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ရွာအတွင်းသို့ကျကာ ဒေသခံတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိကြောင်း သိရသည်။

သူဌေးချောင်းအနီး ဖြစ်ပွားသည့်တိုက်ပွဲတွင် စစ်ကောင်စီတပ်က လက်နက်ကြီးနှင့်ပစ်ခတ်သဖြင့် တိုက်ပွဲဖြစ်သည့်နေရာနှင့် နီးသည့် ချင်းကွင်းရွာကို လက်နက်ကြီး (၃)လုံး၊ ဘုရားမော်ရွာကို လက်နက်ကြီး (၂)လုံးကျကာ ဒေသခံများထိခိုက်၊ သေဆုံးရခြင်းဖြစ်ကြောင်း သိရသည်။

"တိုက်ပွဲဖြစ်တဲ့နေရာက ရွာရဲ့ချောင်းတဖက်ကမ်းဖြစ်နေတယ်ပေါ့။ အဲဒီရွာတွေရဲ့ ချောင်းတဖက်ကမ်း ရေအားလျှပ်စစ်ဖက်ကို ချဉ်းကပ်လမ်း (၅)မိုင်လမ်းခေါ်တယ်။ (၁၀)မိုင်ချဉ်းကပ်လမ်းက ရွှေလှေတံတားဖက်ကနေ ရေအားလျှပ်စစ်ဖက်ကို အခုရွာ(၂)ရွာကိုဖြတ်သွားရတယ်ဆိုပါတော့။ အဲဒီတော့ တိုက်ပွဲဖြစ်တဲ့နေရာနဲ့ အရမ်းတော့မဝေးဘူးလို့ပြောလို့ရတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

ယမန်နေ့ နံနက်ပိုင်းတွင် ချင်းကွင်းကျေးရွာသို့ လက်နက်ကြီး(၃)လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံတစ်ဦး အနည်းငယ်ထိခိုက်ဒဏ်ရာရကာ နွား(၅)ကောင်လည်း ဒဏ်ရာရခဲ့သည်ဟု သိရသည်။

ညနေပိုင်းတွင် ဘုရားမော်ကျေးရွာနောက်ဘက် တဖက်ကမ်းရှိ မကျည်းချောင်ကျွန်းသို့ လက်နက်ကြီး (၂)လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး လက်နက်ကြီးတစ်လုံးမှာ ဘုရားမော်ကျေးရွာရှိ ဦးဗလနေအိမ်ရှေ့လမ်းပေါ်သို့ တည့်တည့်ကျကာ အိမ်နောက်ဖက်တွင် ရေနွေး ကြမ်းထိုင်သောက်နေသော ဦးဗလ၏ ဇနီး ဒေါ်မိသန်းညိုအသက် (၇၀)ခန့်သည် ဦးခေါင်းကြေမွဒဏ်ရာဖြင့်သေဆုံးခဲ့ကြောင်း သိရသည်။

"အဲဒီရွာတွေမှာ ဘယ်အဖွဲ့မှလည်းမရှိဘူး။ တိုက်ပွဲဖြစ်တာလည်းမရှိဘဲ ပစ်တာ။"ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ဘုရားမော်အုပ်စုအတွင်းရှိရွာများတွင် ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိသလို နှစ်ဖက်တပ်ဖွဲများ လှုပ်ရှားမှုမရှိသည့်နေရာများဖြစ်သည်ဟု သိရသည်။

#TachileikNewsAgency

Photo: CJ