ထိုင်းနိုင်ငံတွင် ပစ်ကပ်ကားအတွင်း မိနစ်(၃၀)အကြား ပိတ်မိနေသည့် (၁၈) လသား ကလေးငယ် 

ထိုင်းနိုင်ငံတွင် ပစ်ကပ်ကားအတွင်း မိနစ်(၃၀)အကြား ပိတ်မိနေသည့် (၁၈) လသား ကလေးငယ် 
By Mr John

 ထိုင်းနိုင်ငံ ဘူရီရမ်ပြည်နယ်တွင် ၂၀၂၄ ခုနှစ် မေလ (၁၈) ရက်နေ့က နေရောင်အောက်၌ ရပ်ထားသော ပစ်ကပ်ထရပ်ကားအတွင်း မိနစ် (၃၀) ကျော်ကြာ ပိတ်မိနေသည့် ကလေးငယ်ကို ကယ်ဆယ်ရေးသမားများက အလျင်အမြန် သွားရောက် ကယ်ထုတ်ခဲ့ကြောင်း သိရသည်။ 

ဘူရီရမ်ပြည်နယ် နရောင်းခရိုင်ရှိ ဆရမ ဈေးတွင် အနက်ရောင် ပစ်ကပ်ထရပ်ကားအတွင်း ပိတ်မိနေသည့် ကလေးငယ်ကို ကယ်ထုတ်ပေးရန် Siam Ruam Jai Foundation မှ ကယ်ဆယ်ရေးသမားများကို ခေါ်ယူခဲ့ရသည်။

ကယ်ဆယ်ရေးသမားများ ရောက်ရှိလာချိန်တွင် ကလေးငယ်၏ မိခင်နှင့် တွေ့ဆုံခဲ့ပြီး သူ၏ ကလေးငယ်မှာ အသက် (၁) နှစ်နှင့် (၆) လအရွယ်သာ ဖြစ်ကြောင်း မိခင်က ပြောခဲ့သည်။ 

ကားထဲတွင် ပိတ်မိနေသည့် ကလေးငယ်ကို ကယ်ထုတ်ရန် (၅) မိနစ်ခန့် အချိန်ယူခဲ့ရပြီး ကလေးငယ်မှာ ကားအတွင်း ပြင်းထန်သော အပူဒဏ်ကြောင့် ချွေးများဖြင့် ရွှဲနေကြောင်း သိရသည်။

တုန်လှုပ်စရာ ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့သော်လည်း ကလေးငယ်မှာ စိတ်ချရသည့် အခြေအနေတွင် ရှိခဲ့ကြောင်း သတင်းများအရ သိရသည်။ 

  အနီးအနားရှိ မိုဘိုင်းဖုန်းဆိုင် တစ်ဆိုင်သို့ သွားရောက်ခဲ့စဥ် သူမ၏ သားကို ပစ်ကပ်ကားထဲတွင် ထားခဲ့ခြင်း ဖြစ်ပြီး ဖုန်းဆိုင်တွင် မိနစ် (၃၀)ဝန်းကျင် ကြာခဲ့ကြောင်းနှင့် ကားစက်နိုးထားပြီး အဲယားကွန်း ဖွင့်ထားခဲ့သည်ဟု မိခင်ဖြစ်သူက ဆိုသည်။  

သို့သော် ပစ်ကပ်ကားဆီသို့ ပြန်ရောက်လာချိန်တွင် ကားစက်ရပ်နေပြီး တံခါးများ လော့ခ်ကျနေသည်ကို တွေ့ရသည်။ 

သူမ၏ သားက ကားထဲတွင် လေးဘက်တွားသွားစဥ် မတော်တဆ တံခါးများကို လော့ခ်ချမိပြီး ကားစက်နှိုးသည့် start-stop ခလုတ်ကို နှိပ်ခဲ့မိပုံရကြောင်း မိခင်က ဆိုသည်။

 

Source: Bangkok Post