ထိုင်းရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီ၏ ခေါင်းဆောင် Pita Limjaroenrat မှာ မီဒီယာကုမ္ပဏီတစ်ခုတွင် ရှယ်ယာများ ပိုင်ဆိုင်ထားကြောင်း တိုင်ကြားချက်ကြောင့် ဝန်ကြီးချုပ်ဖြစ်ရန် စည်းကမ်းနှင့်မညီညွတ်၍ ပိတ်ပင်ခံရနိုင်ကြောင်းနှင့် မေလ ရွေးကောက်ပွဲ ပယ်ဖျက်ရန်သင့် မသင့်ကိုလည်း ထိုတိုင်ကြားချက်က ဆုံးဖြတ်သွားလိမ့်မည်ဟု ထိုင်းနိုင်ငံ ယာယီအစိုးရ ဒုတိယဝန်ကြီးချုပ် Wissanu Krea-ngam က ၂၀၂၃ခုနှစ် မေလ (၃၁) ရက်နေ့တွင် ပြောကြားလိုက်သည်။
Move Forward ပါတီခေါင်းဆောင် Pita နှင့် ပတ်သက်၍ တိုင်ကြားချက်များတွင် iTV မီဒီယာကုမ္ပဏီ၌ ၎င်း၏ ရှယ်ယာပိုင်ဆိုင်မှုက အဓိက အကြောင်းရင်းဖြစ်ကြောင်း လက်ရှိ ထိုင်းအစိုးရ၏ ဥပဒေရေးရာ ကျွမ်းကျင်သူလည်းဖြစ်သူ ဒုဝန်ကြီးချုပ် Wissanu က ဆိုသည်။
အကယ်၍ တိုင်ကြားချက်မှာ Pita ကို လွှတ်တော်အမတ်ဖြစ်ရန် စည်းကမ်းနှင့်မညီညွတ်ကြောင်း ရည်ရွယ်ထားပါက ၎င်းမှာ ဝန်ကြီးချုပ်ဖြစ်နိုင်ဆဲဟုလည်း ၎င်းကပြောသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဝန်ကြီးချုပ်မှာ လွှတ်တော်အမတ်တစ်ဦးဖြစ်ရန် မလိုအပ်ခြင်းကြောင့်ဖြစ်ကြောင်း Wissanu က ရှင်းပြခဲ့သည်။
အကယ်၍ တိုင်ကြားချက်မှာ Pita ကို ဝန်ကြီးချုပ်ဖြစ်ရန် စည်းကမ်းနှင့်မညီညွတ်ကြောင်း ရည်ရွယ်ထားပါက ၎င်းမှာ လွှတ်တော်အမတ်တစ်ဦးအဖြစ် ဆက်လက်ရှိနေနိုင်သေးကြောင်းလည်း ယာယီအစိုးရ ဒုဝန်ကြီးချုပ်က ပြောသည်။
တိုင်ကြားချက်က Pita ကို ဝန်ကြီးချုပ်ဖြစ်ရန်နှင့် လွှတ်တော်အမတ်ဖြစ်ရန် စည်းကမ်းနှင့်မညီညွတ်ကြောင်းဖြင့် နှစ်ခုလုံးကို ရည်ရွယ်ထားပါက ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးက နှစ်ခုလုံးနှင့်ပတ်သက်၍ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း Wissanu က ဆိုသည်။
ယခုတိုင်ကြားချက်မှာ Pita ကို Move Forward ပါတီဝင်အဖြစ် လက်ခံအတည်ပြုထားမှုအပေါ်လည်း မေးခွန်းထုတ်နိုင်ကြောင်း ၎င်းကပြောသည်။
"ဒီကိစ္စမှာက တစ်နိုင်ငံလုံး အထွေထွေရွေးကောက်ပွဲအသစ် ကျင်းပရတာမျိုး ဖြစ်လာမယ်။ ဒါက တိုင်ကြားသူအပေါ်မှာ မူတည်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးက တိုင်ကြားချက်မှာပါတဲ့ ကိစ္စတစ်ခုချင်းစီကို ဆုံးဖြတ်သွားလိမ့်မယ်"ဟု Wissanu က ဆိုသည်။
ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မီဒီယာကုမ္ပဏီတစ်ခုတွင် ရှယ်ယာပိုင်ဆိုင်ထားသူကို အထွေထွေရွေးကောက်ပွဲ ဝင်ခွင့်မပြုထားကြောင်း သိရသည်။
Source: Bangkok Post, CNA