သံတွဲမြို့တွင် တိုက်ပွဲပြင်းထန်ပြီး တမြို့လုံး လျှပ်စစ်မီးပြတ်တောက်

သံတွဲမြို့တွင် တိုက်ပွဲပြင်းထန်ပြီး တမြို့လုံး လျှပ်စစ်မီးပြတ်တောက်

ရခိုင်ပြည် သံတွဲမြို့နယ်ရှိ လင်းသီရွာတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးကျည်ကြောင့် မီးတိုင်များကျိုးကာ သံတွဲမြို့လည်း လျှပ်စစ်မီး ပြတ်တောက်နေကြောင်း သိရသည်။

လင်းသီရွာအနီးရှိ ကျောင်းကုန်းရွာတွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်(AA)တို့ ယမန်နေ့ညကစတင်၍ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်ထိမှန်ကာ နတ်တောင်မော်နှင့် ကွေ့ချောင်းကြားရှိ လျှပ်စစ်မီးတိုင်များ ကျိုးကျသွားခြင်းကြောင့် သံတွဲမြို့တွင် လျှပ်စစ်မီး ပြတ်တောက်နေသည်ဟု သိရသည်။

"မနေ့ည (၉)နာရီလောက်ကစပြီး မီးပြတ်သွားတာ။ နတ်တောင်မော်နဲ့ ကွေ့ချောင်းကြားမှာ မီးတိုင်ကျိုးသွားတယ်။ တိုက်ပွဲဖြစ်တဲ့နေရာက ဓာတ်အားလိုင်းမှာဖြစ်တာ။ အဲ့နေရာကနေ ဒီဖက် အကုန်ပြတ်တယ်။ ခမောင်းတုန်းရွာ တစ်ခုပဲရတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

သံတွဲမြို့အတွက် လျှပ်စစ်မီးကို တောင်ကုတ်ကတဆင့်ပေးပြီး လက်ရှိတိုက်ပွဲသည် တောင်ကုတ်-သံတွဲလမ်းတွင် ဖြစ်ပွားနေခြင်း ဖြစ်ကြောင်း သိရသည်။

"စစ်ကောင်စီက တိုက်လေယာဉ်နဲ့ပါလာပစ်တာ။ လင်းသီရွာထဲလည်း နေအိမ်တွေ မီးလောင်သွားတယ်။ သံတွဲမြို့အဝင် ဘားတောင်ကနေ လက်နက်ကြီးနဲ့ပစ်လို့ ရွှေလှေနားက ကျောင်းကုန်းရွာလည်း ပျက်သွားပြီ။"ဟု ဒေသခံတစ်ဦးက ဆက်ပြောသည်။

တိုက်ပွဲများကြောင့် ရွှေလှေအနီးဝန်းကျင်ရှိ ဒေါ်မြ၊ ကျောင်းကုန်း၊ အုန်းမော်၊ ရွှေလှေ၊ လင်းသီ၊ မြင်းစိုင်းမော်၊ ပေါက်တော၊ ပြင်ယောင်း၊ ဇီးကျွန်း၊ နတ်မော်၊ မကျည်းချောင်၊ ဘုရားမော်ရွာများသည် ပြီးခဲ့သည့် မေလ(၁၃)ရက်နေ့က

ကပင် လျှပ်စစ်မီး ပြတ်တောက်သွားခြင်း ဖြစ်သည်။

လက်ရှိတွင် ဆိပ်ကြီး၊ ကွေ့ချောင်း၊ ရေစင်၊ ကျောက်ဖြူတောင်၊ နတ်တောင်မော်၊ ချောင်းဝ၊ ကျွန်းပေါက်၊ အလယ်၊ ဒေါင်းပြင်၊ မျှော့ ဝမ်း၊ ကြက်စားချောင်စသည့် သံတွဲ-တောင်ကုတ်လမ်းတလျောက်ရွာများနှင့် သံတွဲမြို့တွင်း၊ မြို့အနီးရွာများပါ လျှပ်စစ်မီးပြတ် တောက်နေသည်ဟု သိရသည်။

တိုက်ပွဲအနီးရှိ ကျေးရွာများမှာ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများလည်း ပြတ်တောက်နေကြောင်း သိရသည်။

#TachileikNewsAgency