ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ရှိ တာချီလိတ်ရွှေတိဂုံစေတီတော်၏ စိန်ဖူးတော် အထွဋ်ရှိ အလေး(၁၀)ကာရက်ရှိ စိန်တုံး ပျောက်ဆုံးနေမှုနှင့်ပတ်သက်ပြီး ခိုးယူခံရခြင်း မဟုတ်ဘဲ စိန်ပွင့်နှင့်ကလပ် တွဲထားသည့် ဝရိန်ဆော်ထားမှုမှာ ခိုင်ခံ့မှု မရှိသည့်အတွက် ရာသီဥတု သဘာဝဘေးများကြောင့် ပြုတ်ထွက် ပျောက်ဆုံးခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့ သတ်မှတ်ထားသည်။
ကျပ်သန်းပေါင်း (၁,၁၀၀)ကျော် အကုန်ကျခံကာ ရွှေသင်္ကန်းကပ်လှူရန်အတွက် ငြမ်းဆင်ထားသည့် တာချီလိတ်ရွှေတိဂုံစေတီတော်တွင် စိန်ဖူးတော် အထွဋ်ရှိ စိန်တုံးနှင့် ကျောက်များ ပျောက်ဆုံးနေကြောင်းကို စိန်ဖူးတော် တက်ဖြုတ်သည့် ၂၀၂၄ခုနှစ် မတ်လ(၁၄)ရက်နေ့တွင် သိရှိရပြီးနောက် ဘုရားဝန်ထမ်း(၁)ဦး အပါအဝင် ငြမ်းဆင်ရာတွင် ပါဝင်ကြသည့် စုစုပေါင်း (၁၂)ဦးကို တာချီလိတ်မြို့မရဲစခန်းတွင် ဖမ်းဆီးခေါ်ဆောင်ထားကာ စစ်ဆေးမှုများ အဆင့်ဆင့် ပြုလုပ်ပြီးနောက် ဧပြီလအတွင်း၌ အဆိုပါ စိန်တုံးနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့က ယင်းသို့ သတ်မှတ်လိုက်ခြင်း ဖြစ်သည်။
၂၀၂၄ခုနှစ် မတ်လ(၁၄)ရက်နေ့တွင် တာချီလိတ်ရွှေတိဂုံစေတီတော်၏ ဘုရားဝန်ထမ်း ဦးဝင်းနိုင်သည် စိန်ဖူးတော်ကို တက်ရောက် ဖြုတ်ယူပြီး စိန်ဖူးတော်အား လွယ်အိတ်အတွင်းသို့ ထည့်ထားလိုက်ပြီး ငှက်မြတ်နားတော်အား စွယ်တော်ဦး ကုမ္ပဏီဝန်ထမ်းများနှင့် အပေါ်ကနေ အောက်သို့ အဆင့်ဆင့် လက်ဆင့်ကမ်း သယ်ဆောင်ပြီးနောက် စေတီတော်အောက် ရင်ပြင်သို့ ရောက်ရှိချိန်တွင် ဦးဝင်းနိုင်က ၎င်း၏ လွယ်အိတ်ထဲက စိန်ဖူးတော်အား ဂေါပကအဖွဲ့ဝင် ဦးသိဏ်းမောင်ထံသို့ ထုတ်၍ ပေးအပ်လိုက်ခြင်း ဖြစ်သည်။
ထိုမှတဆင့် စိန်ဖူးတော်၏ အထွဋ်တွင် စိန်တုံးမပါတော့သည်ကို တွေ့ရ၍ တာချီလိတ်ရွှေတိဂုံစေတီတော်၏ ဂေါပကအဖွဲ့ဝင် ဦးစိုင်းဆိုင်ကျောက်က တရားလိုပြုလုပ်ကာ တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၄၁/၂၀၂၄၊ ရာဇသတ်ကြီးပုဒ်မ ၂၉၅/၃၇၉ ဖြင့် အမှုဖွင့်လိုက်ခြင်း ဖြစ်သည်။
Tachileik News Agency မှ ထပ်မံ စုံစမ်းမှုများအရ စိန်ဖူးတော် တက်ဖြုတ်သည့် ဘုရားဝန်ထမ်း ဦးဝင်းနိုင်က စိန်ဖူးတော်ဖြုတ်ယူအပြီးတွင် စိန်ဖူးတော်၏ အထွဋ်တွင် စိန်တုံး မရှိသည်ကို တွေ့ရှိရ၍ သက်သေအထောက်အထားအဖြစ် စိန်ဖူးတော်ကို ၎င်း၏ လွယ်အိတ်အတွင်း မထည့်မီတွင် စိန်ဖူးတော်အထွဋ်တွင် စိန်တုံး မရှိတော့သည့် ပကတိအနေအထားပုံကို မှတ်တမ်းဓါတ်ပုံအဖြစ် ရိုက်ထားသည်ဟုလည်း သိရသည်။
တာချီလိတ်ရွှေတိဂုံစေတီတော်၏ စိန်တုံး ပျောက်ဆုံးမှုနှင့် ပတ်သက်ပြီး နယ်မြေခံတပ်၊ ရဲတပ်ဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ သာသနာရေး နှင့် တာချီလိတ်ရွှေတိဂုံစေတီတော်၏ ဂေါပက ဥက္ကဌ ဦးစိုင်းလုံမား အပါအဝင် ပူးပေါင်းအဖွဲ့ဖြင့် မတ်လ(၁၅)ရက်နေ့၏ နံနက်ပိုင်းနှင့် နေ့လည်ပိုင်းတို့တွင် တာချီလိတ်မြို့ရှိ ပန်းတိမ်လုပ်ငန်းရှင် (၂)ဦး နှင့် တစ်ဦးချင်းစီ အချိန်ခွဲပြီး တွေ့ဆုံကာ စိန်ဖူးတော် အထွဋ်တွင် တပ်ဆင်ထားသည့် စိန်တုံး နေရာအား အသေးစိတ် စစ်ဆေးကြည့်ရှု့ရာ စိန်တုံးအား လတ်တလော ဖြုတ်ယူထားသည့် အခြေအနေမျိုးမဟုတ်ဘဲ စိန်တုံးနှင့်အောက်ခြေ ကလပ်ကို ဝရိန်ဆော်ထားသည့် နေရာမှာ ခိုင်ခန့်မှု မရှိ၍ လေဒဏ် မိုးဒဏ်များကြောင့် စိန်တုံး ပြုတ်ထွက်သွားခြင်းသာ ဖြစ်နိုင်သည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။
အဆိုပါနေ့မှာပင် ပျောက်ဆုံးနေသည့် စိန်တုံးပြန်တွေ့ပြီဟု သတင်းလွှင့်ထားသော်လည်း ပြန်တွေ့ပြီဆိုသည့် စိန်တုံးမှာလည်း အတုဖြစ်နေသည်ဟု သိရသည်။
ပျောက်နေသည့် စိန်ကို လှူဒါန်းထားသည့် မိသားစုမှာ လက်ရှိတွင် တာချီလိတ်၌ နေထိုင်လက်ရှိသည့် ဒေသခံဖြစ်ကြောင်းလည်း သိရသည်။
စိန်ဖူးတော်ကို ၂၀၁၈ခုနှစ်က အာဏာသိမ်း စစ်ခေါင်းဆောင် ကိုယ်တိုင် ထီးတော်တင်ခဲ့ပြီးနောက်ပိုင်း ၂၀၂၄ခုနှစ် မတ်လ(၁၄)ရက်နေ့အထိ တစ်ကြိမ်တစ်ခါမှ ထပ်မံဖြုတ်ယူခြင်း မရှိသေးကြောင်း ဂေါပကအဖွဲ့ဝင်များထံက သိရသည်။
နဂါးနှစ်ကောင်ဆရာတော်က တာချီလိတ်တွင် တည်ထားကိုးကွယ်ရန်အတွက် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်ကို ပုံတူယူပြီး မကာဟိုခမ်းရပ်ကွက်အတွင်းရှိ တောင်ကုန်းပေါ်၌ ၁၉၉၅ခုနှစ် နိုဝင်ဘာလ(၂)ရက်နေ့တွင် စတင် ပန္နက်တင်ကာ ၁၉၉၈ခုနှစ် နိုဝင်ဘာလ(၁)ရက်နေ့တွင် ထီးတော်တင်မင်္ဂလာပြုလုပ်ပြီးနောက် ၂၀၀၅ - ၂၀၀၆ခုနှစ်တွင် ပထမအကြိမ် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူခြင်းကို စတင်ပြီး ၂၀၁၈ခုနှစ်အထိ (၃)ကြိမ်တိတိ လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူခဲ့ခြင်းဖြစ်သည်။
အဆိုပါ (၃)ကြိမ်အတွင်း လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူခြင်း ပြုလုပ်သော်လည်း ၂၀၁၈ခုနှစ်တွင် ပြုလုပ်သည့် စတုတ္ထအကြိမ်မြောက်မှသာ စိန်ဖူးတော်ဖြုတ်ခြင်းကို လုပ်ဆောင်ပြီး ထိုစဉ်က စိန်ဖူးတော်အထွဋ်တွင် အလေးချိန်(၁၀)ကာရက်ရှိသည့် စိန်တုံးရှိနေပြီး ထီးတင်သည့် အခမ်းအနားတွင်လည်း လက်ရှိ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် ထီးတော်တင်ပေးခဲ့ခြင်းဖြစ်သည်။
ယခု ၂၀၂၄ခုနှစ် တွင် ပြုလုပ်သည့် စတုတ္ထအကြိမ်မြောက် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူမည့် အစီအစဉ်အတွက် စိန်ဖူးတော်အား ဖြုတ်ယူရမှာ စိန်တုံး ပျောက်ခြင်းနှင့် ကြုံတွေ့ရခြင်း ဖြစ်ရာ စိန်ဖူးတော်ရှိ စိန် ပျောက်နေမှုကို နယ်မြေခံတပ် နှင့် ရဲတပ်ဖွဲ့က တာချီလိတ်ရွှေတိဂုံစေတီတော်တွင် ကြုံတွေ့ခဲ့ရသည့် ၂၀၁၈ခုနှစ်မှ ၂၀၁၉ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် သဘာဝဘေးများကို အခြေခံပြီး အဆိုပါ စိန်တုံး ပျောက်နေခြင်းမှာ စိန်ဖူးတော် ဝရိန်ဆော်မှု စနစ်မကျခြင်းနှင့် သဘာဝဘေးတို့ကြောင့်ဟုသာ သတ်မှတ်ထားခြင်း ဖြစ်သည်။
တာချီလိတ်ရွှေတိဂုံစေတီတော်ကို နဂါးနှစ်ကောင်ဆရာတော် ဦးဆောင်ကာ တည်ထားခြင်းဖြစ်သလို နောက်ဆုံးအကြိမ် ထီးတော်တင်ခြင်းကိုလည်း လက်ရှိ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် လုပ်ဆောင်ခဲ့ခြင်းဖြစ်၍ အဆိုပါ စိန်တုံးပျောက်ဆုံးမှုနှင့် ပတ်သက်ပြီး စုံစမ်းဖော်ထုတ်မှုများ ပြုလုပ်ပြီးနောက် စိန်ဖူးတော် ဝရိန် ခိုင်ခံ့မှု မရှိခြင်းနှင့်အတူ သဘာဝဘေးအန္တရာယ်များကြောင့်ဟုသာ သတ်မှတ်ပြီး စုပေါင်းညှိနှိုင်းထားသည့် အစီရင်ခံစာတွင် တင်ပြထားခြင်းဖြစ်သည်ကို Tachileik News Agency မှ ရရှိထားသည့် အချက်အလက်များအရ သိရသည်။