ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ် အုမ်းတက်ကျေးရွာတွင် ယနေ့ ၂၀၂၄ ခုနှစ် မေလ(၁၆)ရက်နေ့ နံနက် (၅)နာရီတွင် မီးလောင်မှုဖြစ်ပွားရာ အမျိုးသားတစ်ဦး မီးလောင်သေဆုံးပြီး နေအိမ် (၃)အိမ်လုံးဆုံးရှုံးသွားကြာင်း သိရသည်။
အုမ်းတက်ကျေးရွာရှိ ယာမယ်ကျော်ထွန်း၏ နေအိမ်ရှိ မီးအကြွင်းအကျန်မှတဆင့် စတင်မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ဘေးအိမ်ကပ်လျှက် နေအိမ်(၂)လုံးကိုပါ မီးကူးစက်လောင်ကြွမ်းသွားကာ နေအိမ်အတွင်း အိပ်ပျော်နေသည့် အသက် (၂၀)ကျော်အရွယ် မိုင်းအောင်မှာ မီးအတွင်း ပါသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သေဆုံးသွားသည့် မိုင်းအောင်သည် ဆွံ့အနားမကြားသူတစ်ဦးဖြစ်ပြီး မီးလောင်မှုဖြစ်ပွားချိန်တွင် ရုန်းမထွက်နိုင်ခဲ့ခြင်းကြောင့် မီးလောင်မှုအတွင်း သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
စတင်မီးလောင်ကြွမ်းသည့်အိမ်သည် သွပ်မိုး ပျဥ်ထောင် နှစ်ထပ်အိမ်ဖြစ်ပြီး မီးအရှိန်များခြင်းကြောင့် ဘေးအိမ်နှစ်လုံးကိုပါ ကူးစက်လောင်ကြွမ်းကာ နေအိမ်အတွင်းရှိ ပစ္စည်းများအားလုံး ဆုံးရှုံးသွားကြောင်း သိရသည်။
အဆိုပါ မီးလောင်ကြွမ်းမှုဖြစ်စဥ်ကို PSLF/TNLA တရားဥပဒေစိုးမိုးရေးအဖွဲ့မှ သွားရောက်စစ်ဆးခဲ့ပြီး မီးလောင်ပျက်စီးဆုံးရှုံးသွားသည့် နေအိမ်(၃)လုံးမှ မိသားစုဝင်များအား PSLF/TNLA အုပ်ချုပ်ရေးဌာနမှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်သည်ဟု သိရသည်။
#TachileikNewsAgency
Photo: PSLF/TNLA News