အာဏာသိမ်း စစ်ကောင်စီတပ်၏ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂) အတွက် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်းမှ မဖြစ်မနေ စစ်မှုထမ်းရန်အတွက် နည်းအမျိုးမျိုးသုံးကာ ခေါ်ယူ ခံထားရသည့် အမျိုးသား (၅၂၈)ဦးကို ကျိုင်းတုံမြို့၌ စစ်သင်တန်း ပေးနေပြီဖြစ်ကြောင်း သိရသည်။
ကျိုင်းတုံမြို့အခြေစိုက် တြိဂံဒေသတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ်(၁၁) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်းတွင် ၂၀၂၄ခုနှစ် မေလ(၁၄)ရက်နေ့က စတင်ကာ စစ်သင်တန်း ပို့ချနေခြင်းဖြစ်သည်။
အမှတ်(၁၁) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း၏ လက်ရှိ ကျောင်းအုပ်ကြီးမှာ ဗိုလ်မှူးချုပ် မျိုးဆက်အောင် ဖြစ်ကြောင်း သိရသည်။
ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂)၏ စစ်သင်တန်းဖွင့်ပွဲများကို အာဏာသိမ်းစစ်ကောင်စီက မေလ(၁၄)ရက်နေ့တွင် တပြိုင်နက်တည်း သင်တန်းဖွင့်ပွဲအဖြစ် ပြုလုပ်ခြင်းလည်း ဖြစ်သည်။