ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း ကျိုင်းတုံမြို့သို့ မေလ၏ ဒုတိယပတ် ခရီးစဉ်အတွင်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဌာနဆိုင်ရာများ အပါအဝင် ဒေသခံများနှင့် တွေ့ဆုံပွဲ ပြုလုပ်ပြီး မူးယစ်းဆေးဝါး နှင့် အွန်လိုင်းလောင်းကစားလုပ်ငန်းများကို တိုက်ဖျက်သွားရန် ထပ်လောင်း ပြောကြားခဲ့သည်။
"ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း မူးယစ်ဆေးဝါးထုတ်လုပ် ရောင်းဝယ်မှုများ မရှိစေရေး တားဆီးရမည်ဖြစ်ကြောင်းနှင့် အွန်လိုင်းလောင်းကစားလုပ်ငန်းနှင့် ငွေကြေးလိမ်လည်လုပ်ငန်းများကို ထိထိရောက်ရောက် တိုက်ဖျက် ဆောင်ရွက်နေသလို ဒေသခံများကလည်း ဝိုင်းဝန်းတိုက်ဖျက် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း"အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။
၂၀၂၄ခုနှစ် မေလ(၁၂)ရက်နေ့က ကျိုင်းတုံမြို့ရှိ မြို့တော်ခန်းမတွင် ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့်ရှိဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဒေသခံများနှင့် တွေ့ဆုံစဉ် ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။
"တွေ့ဆုံပွဲမှာတော့ မူးယစ်ဆေးဝါးနဲ့ အွန်လိုင်းလောင်းကစား ကိစ္စတွေ ထည့်ပြောသွားတယ်။ ရှမ်း(ရှေ့)မှာတော့ ကျိုင်းတုံထက် တာချီလိတ်က အဓိက နံပတ်တစ်ပေါ့။ သူက ဒေသခံတွေ ဝိုင်းဝန်း ကူညီဖို့ ပြောသွားပေမဲ့ တကယ်က ဒီလို တရားမဝင် လုပ်ငန်းတွေမှာ အဓိက ပါဝင် ပတ်သက် နေတာက စစ်တပ်က အရာရှိတွေနဲ့ ရဲတပ်ဖွဲ့ပါပဲ။ အဓိက ကတော့ စစ်တပ်က အရာရှိတွေ၊ နောက်ပြီး စစ်တပ်က ထွက်ပြီး ဒီလို လုပ်ငန်းတွေကို တာဝန်ယူပေးနေတဲ့ လူတွေ အပြင် စစ်တပ်နဲ့ နီးစပ်တဲ့ ပြည်သူ့စစ်ခေါင်းဆောင်တွေ အမည်ခံလုပ်ငန်းရှင်တွေ၊ ဟိုတယ်ပိုင်ရှင်တွေက အဓိကပေါ့။"ဟု တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် အမည်မဖော်လိုသူ တစ်ဦးက Tachileik News Agency သို့ ပြောသည်။
တွေ့ဆုံပွဲအတွင်း အာဏာသိမ်း စစ်ခေါင်းဆောင်၏ ပြောကြားခဲ့မှုကို လိုက်နာ အကောင်အထည်ဖော် ဆောင်ရွက်သည့်အနေဖြင့် တရုတ်နိုင်ငံသားများ အုပ်စုလိုက် ပုန်းအောင်းနေသည့် တည်နေရာများကို ဆက်လက် ဖော်ထုတ်ဖမ်းဆီးသွားမည် ဖြစ်ကြောင်းနှင့် ဟိုတယ်များတွင် ဖွင့်လှစ်ထားသည့် လောင်းကစားလုပ်ငန်းများကိုလည်း စစ်ဆေး ဖမ်းဆီးသွားမည့် စီမံချက်များရှိကြောင်း သတင်းရင်းမြစ်များထံက သိရသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း ကျားဖြန့်လုပ်ငန်းဟု ခေါ်သည့် တရုတ်ငွေလိမ်လုပ်ငန်းစုများကို အပြီးသတ် တိုက်ဖျက်ရေးအဖြစ် လုပ်ဆောင်နေလျက်ရှိပြီး မေလ၏ ပထမပတ်အတွင်းက တာချီလိတ်မြို့တွင် တရုတ်နိုင်ငံသားများ ဖမ်းဆီးရရှိမှုများရှိခဲ့ကြောင်း သိရသည်။