လူရည်ချွန်များအပါအဝင် အခြေခံပညာ ကျောင်းသူကျောင်းသားများကို စစ်ကောင်စီမှ ဝါဒဖြန့်စည်းရုံးနေ

လူရည်ချွန်များအပါအဝင် အခြေခံပညာ ကျောင်းသူကျောင်းသားများကို စစ်ကောင်စီမှ ဝါဒဖြန့်စည်းရုံးနေ
မေ 12, 2024 | 2021 Military Coup

လွတ်လပ်သည့်သတင်းမီဒီယာများကို ယှဉ်ပြိုင်နိုင်ခြင်းမရှိသည့် စစ်ကောင်စီမှ လူရည်ချွန်များအပါအဝင် အခြေခံပညာကျောင်းများမှ ဆယ်ကျော်သက်အရွယ် ကျောင်းသူ၊ ကျောင်းသားများကို စစ်ကောင်စီ၏ အနာဂတ်လူ့စွမ်းအားအရင်းအမြစ်အဖြစ် မျိုးချစ်စိတ်နှင့် နာခံရိုကျိုးစိတ်ရှိရန် ဦးတည်ဝါဒဖြန့်နေကြောင်း Burma Affairs And Conflict Study အဖွဲ့၏ အချက်အလက်ကောက်ယူမှုအရသိရသည်။

နွေကျောင်းပိတ်ရက် ဧပြီလ (၂၂) ရက်မှ မေလ (၂၁) ရက်အတွင်း နိုင်ငံအနှံ့ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသူ၊ ကျောင်းသား (၁၇၀၀)ကို စစ်တပ်မှ ၎င်းတို့၏ လေ့ကျင့်ရေးသင်တန်းကျောင်းများအထိ ခေါ်ယူပြီး သင်တန်းမျိုးစုံပေးခဲ့ကြောင်း သိရသည်။

ဆယ်ကျော်သက်အရွယ် ကျောင်းသူ၊ ကျောင်းသားများကို စစ်အခြေခံအယူအဆများပါသည့် အခြေခံ ရေကြောင်းပညာသင်တန်း၊ အခြေခံ လေကြောင်းပညာသင်တန်းနှင့် တခြား ကင်းထောက်သင်တန်း၊ ကြက်ခြေနီသင်တန်းများကို သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းများရှိ လူငယ်စခန်းများတွင် သင်ကြား၍ စည်းရုံးခဲ့ကြောင်း BACS၏ အချက်အလက်စုဆောင်းမှုအရသိရသည်။

ရေကြောင်း အခြေခံနှင့် တန်းမြင့်လူငယ်သင်တန်းအတွက် နေပြည်တော်၊ မန္တလေး၊ ကျိုင်းတုံ၊ ဟိုင်းကြီးကျွန်း၊ တနင်္သာရီနှင့် မြိတ် စသည့် စစ်တပ်၏ လူငယ်စခန်းများတွင် သင်တန်းသူ၊ သင်တန်းသား (၈၁၈) ဦးခန့်ကို သင်ကြားပေးခဲ့ပြီး ၊ လေကြောင်း အခြေခံနှင့် တန်းမြင့် လူငယ်သင်တန်းများအတွက် နေပြည်တော်၊ မိတ္ထီလာ၊ မော်လမြိုင်၊ ပြည် ၊ ကျိုင်းတုံမှ သင်တန်းကျောင်းများတွင် သင်တန်းသူ၊ သင်တန်းသား (၈၅၀) ဦးခန့်ကို သင်ကြားပေးခဲ့ကြောင်း ဧပြီလ (၂၆) ရက်နေ့ထုတ် စစ်ကောင်စီဖြန့် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြခဲ့ကြောင်းသိရသည်။

နိုင်ငံအနှံ့တွင် ရေကြောင်းသင်တန်း (၁၀)ခုနှင့် လေကြောင်း သင်တန်း (၁၇)ခု ဖွင့်လှစ်ခဲ့ပြီး စုစုပေါင်း ကျောင်းသူ၊ ကျောင်းသား ဦးရေ (၁၇၀၀) နီးပါးကို သင်တန်းနှင့်အတူ စစ်အခြေခံအယူအဆများ ဖြန့်ဖြူးခဲ့ပြီး  အခြား အားကစားနှင့် လူနေမှုဘဝဆိုင်ရာ သင်တန်းများကိုလည်း စစ်ကောင်စီတပ် ထိန်းချုပ်ဒေသများရှိ လူငယ်များကို ဦးတည်သင်ကြားပေးခဲ့ကြောင်းသိရသည်။

စစ်ကောင်စီ၏ နွေရာသီ ဝါဒဖြန့် သင်တန်းများကို တက်ရောက်ခဲ့သည့် သင်တန်းသားများသည် တပ်မိသားစုများ နှင့် အရပ်သား မိသားစုများမှ 

ဆယ်ကျော်သက်အရွယ် ကျောင်းသား၊ ကျောင်းသူများ အနက် မည်သည့်မိသားစုများမှ ဖြစ်သည်ကိုမူ BACS အနေဖြင့် သီးခြားအတည်မပြုနိုင်ကြောင်းသိရသည်။

ထို့အပြင်  စစ်ကောင်စီလက်အောက်တွင် ပညာသင်ကြားနေသည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၏ နိုင်ငံတဝန်းရှိ လူရည်ချွန် (၅၅၄)ဦးအား စစ်ကောင်စီ အစီစဉ်ဖြင့် ပျော်ပွဲရွှင်ပွဲများ၊ အပန်းဖြေခရီးများ၊ လေ့လာရေးခရီးများနှင့် စစ်ကောင်စီမှပေးသည့် ဩဝါဒခံယူပွဲများ ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။

နေပြည်တော် ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-2)တွင် ကျင်းပခဲ့သည့် လူရည်ချွန်များ၏ စစ်တပ်ဩဝါဒခံယူပွဲကို စစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် စစ်ကောင်စီအဖွဲ့ဝင်လူကြီးများ တက်ရောက်ခဲ့ကြောင်းသိရသည်။

BACS အဖွဲ့သည် စစ်ကောင်စီလော်ဘီချန်နယ်များ ၊ သတင်းချန်နယ်များတွင် ပါဝင်သည့် ဝါဒဖြန့်အကြောင်းအရာများကို စောင့်ကြည့်နေပြီး၊ တော်လှန်ရေးအင်အားစုများအနေဖြင့် သတိပြုရမည့် စစ်ကောင်စီ၏ ဝါဒဖြန့်အကြောင်းအရာများကို အပတ်စဉ်ဖော်ထုတ်တင်ပြနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

#TachileikNewsAgency

Photo: Burma Affairs & Conflict Study