ဆောမြို့တွင် ဘုန်းကြီးကျောင်းကို စစ်ကောင်စီဗုံးကြဲရာ ဒေသခံ ၂၀ ဦးကျော်သေဆုံးပြီး ၃၀ ကျော်ဒဏ်ရာရ

ဆောမြို့တွင် ဘုန်းကြီးကျောင်းကို စစ်ကောင်စီဗုံးကြဲရာ ဒေသခံ ၂၀ ဦးကျော်သေဆုံးပြီး ၃၀ ကျော်ဒဏ်ရာရ

မကွေးတိုင်း ဂန့်ဂေါခရိုင် ဆောမြို့နယ် အကြည်ပန်းမလွန်းကျေးရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲရာ အရပ်သား(၂၀)ကျော် သေဆုံးပြီး (၃၀)ဝန်းကျင် ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။

အကြည်ပန်းမလွန်းကျေးရွာ ဘုန်းကြီးကျောင်းအား ၂၀၂၄ခုနှစ် မေလ (၉)ရက်နေ့ နံနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"မနက်(၁၁)နာရီလောက်မှာ ဂျက်ဖိုက်တာတစ်စီးနဲ့ ဘုန်းကြီးကျောင်းကို ပေါင်(၅၀၀)ဗုံးကြဲတာ။ ဘုန်းကြီးကျောင်းလည်း မီးလောင်ပြီး ပြိုကျသွားတယ်။ ကျောင်းအောက်မှာ ယာဉ်လိုင်းအတွက် အစည်းဝေးလုပ်နေသူတွေလည်းပါသွားတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

သေဆုံးသူ (၂၀)ကျော်တွင် ဆွဲထုတ်နိုင်သည့် အလောင်း (၁၆)လောင်းသာရှိပြီး ကျန်ရှိသူများကို မည်သူ၊ မည်ဝါဖြစ်ကြောင်း မသိရတော့ကြောင်း ၎င်းကဆက်ပြောသည်။

"မီးထဲပါသွားလို့ ရှာမတွေ့တော့တဲ့သူတွေ အများကြီးရှိတယ်။ ဘယ်သူဆိုတာလည်း ခွဲမရတော့ဘူး။"ဟု ၎င်းကဆက်ပြောသည်။

ဗုံးကြဲခံရသဖြင့် ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရကာ အပျက်အစီးများကို ရှင်းလင်းနိုင်ခြင်းမရှိသေးဟု သိရသည်။

#TachileikNewsAgency