ပုဂ္ဂလိကကျောင်းများ သတ်မှတ်ကာလအတွင်း မှတ်ပုံတင်လျှောက်ထားခြင်းမရှိပါက ပိတ်သိမ်းမည်ဟု စစ်ကောင်စီက ခြိမ်းခြောက် ကြေညာ

ပုဂ္ဂလိကကျောင်းများ သတ်မှတ်ကာလအတွင်း မှတ်ပုံတင်လျှောက်ထားခြင်းမရှိပါက ပိတ်သိမ်းမည်ဟု စစ်ကောင်စီက ခြိမ်းခြောက် ကြေညာ

နိုင်ငံတကာ သင်ရိုးညွှန်းတမ်း နှင့် သင်ကြားသော ကျောင်းများနှင့် အမျိုးသားသင်ရိုးညွှန်းတမ်းဖြင့် သင်ကြားသော ကျောင်းများ အပါအဝင် ပုဂ္ဂလိက အခြေခံပညာကျောင်းများ၊ ဘာသာစကားသင်ကျောင်းများ အပါအဝင် ပုဂ္ဂလိက အဆင့်မြင့်ပညာကျောင်းများနှင့် ပုဂ္ဂလိက နည်းပညာနှင့်သက်မွေးဆိုင်ရာ ပညာရေးနှင့်လေ့ကျင့်ရေးကျောင်းများအနေဖြင့် ၂၀၂၄ခုနှစ် ဧပြီလ(၁၂)ရက်နေ့ မတိုင်မီ မှတ်ပုံတင်လျှောက်ထားရမည်ဖြစ်ကြောင်း ၂၀၂၄ခုနှစ် ဧပြီလ(၆)ရက်နေ့ သတင်းစာများတွင် အသိပေးကြေညာထားသည်။

အဆိုပါ ကျောင်းများအနေဖြင့် ပုဂ္ဂလိကပညာရေး ဥပဒေနှင့်အညီ တိုင်းနှင့်ပြည်နယ်ပညာရေးမှူးရုံးများထံတွင် မှတ်ပုံတင်လျှောက်ထားရမည်ဖြစ်ပြီး သတ်မှတ်ကာလအတွင်း မှတ်ပုံတင်လျှောက်ထားခြင်းမရှိပါက ပိတ်သိမ်းမည်ဟု အာဏာသိမ်း စစ်ကောင်စီ၏ ပညာရေးဝန်ကြီးဌာနက ခြိမ်းခြောက် အသိပေး ကြေညာထားခြင်း ဖြစ်သည်။

ပုဂ္ဂလိကပညာရေး ဥပဒေ ကို ၂၀၂၃ခုနှစ် မေလ(၁၂)ရက်နေ့က အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က အတည်ပြုပြဌာန်းထားခြင်း ဖြစ်ပြီး ပုဂ္ဂလိက ကျောင်းများကို မှတ်ပုံတင် လက်မှတ်မရှိဘဲ ဖွင့်လှစ်ပါက ပုဂ္ဂလိကပညာရေး ဥပဒေ ပုဒ်မ ၅၇၊ ၇၀ အရ ထောင်ဒဏ်အနည်းဆုံး(၁)နှစ်မှ အများဆုံး (၂)နှစ်ထိ ဖြစ်စေ၊ ငွေဒဏ်အနည်းဆုံး ကျပ်သိန်း (၃ဝ၀) မှ အများဆုံး ကျပ်သိန်း (၅၀၀)ထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟု ပြင်းပြင်းထန်ထန် သတ်မှတ်ထားရှိသည်။