မင်းတပ်မြို့တွင် စစ်ကောင်စီတပ်က ဆင့်ပွားထပ်ဆင့်ပေါက်ကွဲစေသည့်ဗုံးဖြင့်တိုက်ခိုက်မှုကြောင့် ကလေးများ အပါ ၅ ဦးဒဏ်ရာရပြီး နေအိမ်များပျက်စီး

မင်းတပ်မြို့တွင် စစ်ကောင်စီတပ်က ဆင့်ပွားထပ်ဆင့်ပေါက်ကွဲစေသည့်ဗုံးဖြင့်တိုက်ခိုက်မှုကြောင့် ကလေးများ အပါ ၅ ဦးဒဏ်ရာရပြီး နေအိမ်များပျက်စီး

ချင်းပြည်နယ် မင်းတပ်မြို့နယ်၊ တိုက်နယ် (၁၃)ရှိ အောက်ချိုင်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ ဆင့်ပွားထပ်ဆင့်ပေါက်ကွဲစေသည့် Cluster ဗုံးများ အသုံးပြုတိုက်ခိုက်ခဲ့ရာ ကလေးငယ်(၂)ဦးအပါအဝင် ဒေသခံ(၅)ဦး ဒဏ်ရာရရှိခဲ့ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၄ခုနှစ် ဧပြီလ(၃)ရက်နေ့ နေ့လယ်ပိုင်းက အောက်ချိုင်ကျေးရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ရာ (၂)နှစ်အရွယ် မိန်းကလေးတစ်ဦး၊ (၄)နှစ်အရွယ် ယောက်ျားလေးတစ်ဦး၊ (၂၈)နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ (၄၇)နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် (၅၃)နှစ်အရွယ် အမျိုးသားတစ်ဦးတို့ ထိခိုက်ဒဏ်ရာရခဲ့ပြီး အခြားအသေးစား ထိခိုက်ဒဏ်ရာရသူများလည်းရှိသည်ဟု သိရသည်။

ဆင့်ပွားထပ်ဆင့်ပေါက်ကွဲစေသည့် Cluster ဗုံးများ အသုံးပြုတိုက်ခိုက်ခဲ့သဖြင့် ကျေးရွာဝန်းကျင်ရှိ တောအုပ်များနှင့် နေအိမ်(၁၂)အိမ် မီးလောင်ပျက်စီးသွားပြီး တစ်ရွာလုံးအနှံ့ လူနေအိမ်များနှင့် စာသင်ကျောင်းဆောင်များ၊ ဆရာ၊ ဆရာမအဆောင်များ ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။

Cluster ဗုံးများကြဲချရာတွင် မပေါက်ကွဲခဲ့သော ဗုံးငယ်များ(droplets)သည် မိုင်းအသွင် ဆက်လက်ရှိနိုင်သောကြောင့် ဒေသခံများအတွက် မိုင်းအန္တရာယ်များနှင့် ကြုံတွေ့နေရသည်ဟုလည်း ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် ၂၀၂၃ ခုနှစ် ဧပြီလ (၁၆)ရက်နေ့ကလည်း ဆင့်ပွားထပ်ဆင့်ပေါက်ကွဲစေသည့် Clusterဗုံးများ အသုံးပြု၍ မင်းတပ်မြို့နယ်၊ တိုက်နယ် (၁)အတွင်းရှိ ပန်းပါရွာကို ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံ(၃)ဦးသေဆုံးပြီး (၆)ဦး ဒဏ်ရာရခဲ့သည်။ 

ပြည်သူများအနေဖြင့် နေအိမ်၊ ကျေးရွာဝန်းကျင်၊ တောင်ယာများသို့ သွားလာရာတွင်လည်း သတိဖြင့် သွားလာ၍ မပေါက်ကွဲသေးသော ကြွင်းကျန်ဗုံးများ၊ ဒုံးကျည်များ၊ မိုင်းများ၊ သံထည်ဝတ္ထုများ၊ ဝါယာကြိုးများကို တွေ့ရှိပါက ၎င်းတို့အား ထိတွေ့ကိုင်တွယ်ခြင်း၊ နေရာရွှေ့ခြင်း၊ နေအိမ်သို့ ယူဆောင်ခြင်းတို့ လုံးဝမပြုလုပ်ဘဲ တွေ့ရှိသည့်နေရာကို အမှတ်အသားပြုလုပ်၍ သက်ဆိုင်ရာ အုပ်ချုပ်ရေး၊ ကာကွယ်ရေးအဖွဲ့များထံ အကြောင်းကြားရန် တိုက်တွန်းထားသည်။

#TachileikNewsAgency

Photo : မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး - သတင်း၊ ပြန်ကြားရေးနှင့် မှတ်တမ်း